My roomate(ကျွန်တော့ရဲ့အခန်းဖော်)
မာန်ခမ်း မေမေ့ကိုဧည့်ခံပွဲတစ်ခု လိုက်ပို့စရာရှိသောကြောင့် ယနေ့လည်ပတ်ရာမှ အိမ်သို့စော၍ပြန်ရောက်လာခဲ့သည်။ မာန်ခမ်းသူငယ်ချင်း အပေါင်းဖော်တွေနှင့် စုရုံးချိန်းဆိုကာ လည်ပတ်တတ်သလို တစ်ယောက်တည်းလည်း ဟိုဟိုဒီဒီလျှောက်သွားတတ်သည်။ ဒီအကျင့်တွေကိုသင်ပေးခဲ့သူမှာ မာန်ခမ်း 'နန်း' ဟုအဖျားဆွတ်ခေါ်ခဲ့သော 'ရင်ခွင်နန်း'ပင်။ ငယ်စဥ်တည်းက အပေါင်းသင်းသိပ်မလုပ်တတ်သော မာန်ခမ်းတွင် ခင်မင်ရဆုံးသော သူငယ်ချင်းမိန်းကလေး'နန်း'တစ်ယောက်သာ ကစားဖော်ကစားဘက်၊ဆိုးဖော်ဆိုးဘက် ဖြစ်ခဲ့သည်။ သူမရှိတော့ချိန်မှာ မာန်ခမ်းဘယ်သူငယ်ချင်းနှင့်မှ မပေါင်းမိခဲ့။
ရန်ကုန်သို့ပြောင်းလာမှသာ မာန်ခမ်းအပေါ် အနစ်နာခံအနွံတာခံပြီးပေါင်းသည့် မြတ်သူစံနှင့်ခင်မိပြီး စည်သူရှိုင်းတို့နှင့်တွဲမိကာ အပေါင်းသင်းရလာခြင်းပင်။ သို့သော်စိတ်ထဲထပေါ်ရင်ပေါ်သလို အနီးနားဖြစ်ဖြစ်၊ ခရီးဝေးဖြစ်ဖြစ်ယောက်တည်းထသွားတတ်သည်။ သို့ကြောင့်ပင် မြတ်သူစံနှင့် မေမေမှာ အမြဲတစ့်စေ့တစ်စောင်းကြည့်ကာ စိတ်ပူနေရသည်။ ထိုသို့တစ်နေရာရာသွားတိုင်း မာန်ခမ်းမျက်စိမှာအနားမရ။ နန်းနှင့်အရွယ်တူကောင်မလေးများတွေ့ရင် နန်းဆိုပြီးမျက်စိဆုံးသည်အထိလိုက်ကြည့်။ အထင်မြင်တွေလွဲ၊ လူမှားခေါ်မိလို့ခေါ်မိဖြင့် ပြသာနာတွေလည်းတတ်ခဲ့ရဖူးသည်။
သူခံစားချက်ကို မေမေတို့နားမလည်ပေမဲ့ စာနာမိသည်ထင်၏။ နန်းနှင့်ပတ်သတ်သမျှ မာန်ခမ်းလုပ်သမျှကို ဘာမှဝင်မပြော။ အခြေနေတချို့ကြီးမားလာလျှင်တော့ 'သားမင်း ဆေးခန်းပြချင်လား' ဆိုပြီးရွှတ်နောက်နောက်နှင့်တော့ပြောတတ်သည်။
မာန်ခမ်းအတွေးတွေလွင့်မျောနေစဥ် အိမ်ရှေ့တွင်ကားတစ်စီးဆိုက်ရောက်သံကြားသဖြင့် ပြတင်းမှတဆင့်လှမ်းကြည့်မိလိုက်သည်။အခြားသူမဟုတ် အိမ်ပေါ်ထပ်မှကောင်လေးပင်ဖြစ်သည်။ ခါတိုင်းသူ၏အစ်ကိုဆိုသူလိုက်ပို့နေကြသော်လည်း ယနေ့မောင်းသူနေရာတွင် နေရာယူထားသူက ချောချောမောမော မိန်းမငယ်လေးတစ်ယောက်။ မာန်ခမ်းမျက်ခုံးအစုံမြင့်တက်သွားပြီး အမည်မသိသောခံစားချက်တို့ရင်ထဲ တိုးဝင်လာသည်။
*ငါဘာဖြစ်နေတာလဲ? ငါဘယ်တုန်းကတခြားသူအကြောင်းကိုစိတ်ဝင်စားဖူးလို့လဲ?*
စိတ်ကကြည်လင်မှုမရှိတော့ရာ ရေတစ်ခွက်ငှဲ့သောက်ပြီး သွားစရာရှိတာသွားဖို့အတွက် ပြင်ဆင်ရန်အခန်းထဲသို့သာပြန်ဝင်လာခဲ့လိုက်သည်။