ဦးငွေရုံ မိမိရှေ့တွင် မျက်နှာသေဖြင့်ထိုင်နေသော 25 နှစ်အရွယ် မြေးဖြစ်သူအား ကြည့်နေမိသည် ။ မိမိမြေးဖြစ်နေ၍သာ 25 နှစ်အရွယ်ဟု လက်ခံရသည် ။ဘယ်သူကြည့်ကြည့် ဒီဖြူဖြူဥဥလေးက 16 နှစ်အရွယ်ပေ။
ငယ်စဥ်က အပြုံးချိုချိုလေးနဲ့ တီတီတာတာ နေတတ်တဲ့ကောင်လေးက မိမိမျက်စိရှေ့တွင် မိဘနှစ်ပါး ဆုံးပါးသွားသည်ကို မြင်ပြီးနောက် အေးစက်စက်နှင့် စကားနည်းသော ကလေးတစ်ယောက် အဖြစ် ပြောင်းလဲသွားသည် ။ ကလေးမိဘတွေမရှိတော့တဲ့နောက်မှာ တစ်ဦးတည်းသာရှိသော ထိုမြေးလေးကို ပို၍ ပို၍ အလိုလိုက် ဖြည့်ဆည်းခဲ့သည် ။
ဆိုးသွမ်းသော ကလေး မဟုတ်ခဲ့သော် လည်း ဆေးကျောင်းတတိယနှစ်တွင် ချစ်သူနှင့် မိတ်ဆက်ပေးမယ်ဆိုပြီး ခေါ်လာခဲ့တဲ့ သူက ကောင်မလေး မဟုတ်ဘဲ ကောင်လေးတစ်ယောက်ဖြစ်နေခဲ့သည်။ ဒါ့အပြင် ထိုကောင်လေးက ကိုယ်တိုင်ရုန်းကန်ပြီး ပညာသင်ထောက်ပံ့ကြေးတွေနဲ့ ကျောင်းတက်နေရသည့် မိဘမဲ့ ။ မျိုးဆက်ပျက်သွားမှာကြောက်လို့ ကန့်ကွက်ခဲ့ပေမဲ့ သူ့အသက်အန္တရာယ်နဲ့ ခြိမ်းခြောက်ခဲ့သည်မို့ ကိုယ့်မြေးလေးပျော်ရာကို လိုက်လျောပေးခဲ့သည် ။ ဝတ်ထားတဲ့ အဝတ်အစားက မီးပူကော့နေအောင် ထိုးထားသည်က ဟိုကောင်လေး သူ့မြေးကို ဘယ်လိုထားလည်းဆိုတာ သိနိုင်သည် ။
" ဆေးရုံအုပ်ကြီး ပြောစရာမရှိရင် သွားလိုက်ဦးမယ်ဗျ "
" အဟမ်း... အိမ်ထောင်ကျသွားကတည်းက ကိုယ့်အဖိုးဆီ ခြေဦးတောင်မလှည့်တဲ့ကောင် ငါရှိသေးတာရော သိသေးလား "
" ဆေးရုံမှာ နေ့တိုင်း တွေ့နေတာပဲ "
"ဟ တူမလားကွ ဆေးရုံက အလုပ်နေရာ အိမ်က မိသားစုတွေ တွေ့တဲ့နေရာကွ "
". ....."
" ပြောလိုက်ရင် အေးစက်စက်နဲ့ ဒီတစ်ပတ် ပိတ်ရက် ငါ့ဆေးရုံမှာ အလုပ်မလုပ်ချင်တဲ့ ကောင်ကို ခေါ်ပြီး အိမ် လာခဲ့ "
" အင်း ဒါပဲမလား "
" ဒါပဲ ဒါပဲ ကြွ ကြွ "
စေတနာရုံ ဆေးရုံအုပ်ရုံးခန်းက ထွက်လာပြီး အရေးပေါ်လူနာဌာနဆီသို့ လာခဲ့လိုက်တယ် ။ ပုံမှန်ဆို အရေးပေါ်ဌာန ကို လှည့်မကြည့်ဖြစ် ။ လူကုံထံ အသိုင်းအဝိုင်းမှ လူနာတွေ ဒါမှမဟုတ် အကြီးစား ခွဲစိတ်မှုတွေကိုပဲ စေတနာရုံကြီးကြပ်သည် ။ လူနာတွေအများကြီး အော်ဟစ်ဆူညံနေတာမျိုးကို စေတနာရုံ သဘောမကျ ။ သူဟာ လူ့အသက်ကို ကယ်ရမည့် ဆရာဝန်တစ်ယောက်ဖြစ်သည့်တိုင် အခြေခံလူတန်းစားတွေကို မကုသချင် ။ သူတို့က စရိုက်ကြမ်းတယ် ၊ အပြောကြမ်းတယ် ၊ သန့်သန့်ပြန့်ပြန့် မရှိဘူး ၊ စေတနာရုံ အဲ့လိုတွေကိုမုန်းတယ် ။