" မောင် ရေ...... "
မောင့် ကို တကျီကျီအော်ခေါ်ရင်း အိမ်ထဲ ဝင်လိုက်သော်လည်း မောင် က ပြန်မထူးလာ။
" မောင် "
အခန်းထဲလည်းမရှိ မောင် ပြန်မရောက်သေးတာလား။ ဘယ်များသွားနေတာလဲ။
" တူ..... တူ.... တူ ......တူ "
ဖုန်းခေါ်ကြည့်လိုက်တော့ ကုတင်ဘေးက စားပွဲပေါ်ကနေ အသံထွက်လာသည်။ ဖုန်းထားခဲ့ပြီး ဘယ်သွားနေတာလဲ ။
ဖုန်းစရင်ကို ကြည့်လိုက်တော့ ရုံ့ ပုံလေးကို wallpaper တင်ထားပြီး contact လေးမှာ မောင့် ရဲ့ ရုံ ဆိုပြီး မှတ်ထားသည်။ရုံ ကျေနပ်စွာ ပြုံးလိုက်သည်။
ငါလည်း မင်းပုံထားမယ်။ နေဦး မင်းပြန်လာမှ ဓာတ်ပုံ ရိုက်ပြီး နှစ်ယောက်ပုံထားမယ် ဟီး။
နှစ်ယောက်လုံးက ဓာတ်ပုံရိုက်ရတာဝါသနာ မပါကြတော့ နှစ်ယောက်တွဲ ပုံဟူ၍ သိပ်မရှိ။ နောက်မှ အများကြီး ရိုက်ပြီး နေရာတိုင်းမှာ လိုက်ကပ်ထားမယ်။ အဲ့ဒါမှ ပိုင်ရှင် ရှိမှန်းသိမှာ။
ဆေးရုံမှာလည်း ကပ်မယ်။ ဟုတ်တယ် အဓိက က ဆေးရုံပဲ။ အဲ့ဒါမှသရေတမြားမြားနဲ့ ငမ်းတဲ့ ဟာတွေ သိမှာ။ တော်ပြီ တော်ပြီ အဲ့ဒါတွေးလိုက်တိုင်း စိတ်တိုလို့ အကုသိုလ် များတယ်။
" ဒါက ဘာစာရွက်တွေလဲ "
စားပွဲပေါ်တင်ထားတဲ့ စာရွက်တွေကို ကြည့်လိုက်တော့ ။
" ဒါက ဘာ ဘာတွေလဲ ဟင့်အင်း မောင် မောင့် ငါ့ကို မနောက်နဲ့နော် မင်း ဘယ်မှာလဲ ထွက်ခဲ့ မောင့် ငါ့ကို မစနဲ့လို့ ထွက်လာခဲ့ မင်းပုန်းနေတာမလား မောင့် "
" မောင် ငါ့ကို မစနဲ့လို့ "
တစ်အိမ်မွှေနှောက်ကာ လိုက်ရှာပေမယ့် မောင့်ကိုမတွေ့။ မောင်သိပ်ကြိုက်တဲ့ ဝရံတာမှာလဲ မရှိ။
" မောင်လို့ "
ကုတင်အောက် မှာများ ပုန်းနေမလား ဆိုပြီး ငုံ့ကြည့်တော့လည်း မတွေ့။
ရုံ နားမလည်တော့ဘူး ။ ဘာလို့လဲ ဒါတွေက ဘယ်လိုတွေကြောင့် ။
ကုတင်ပေါ် ငူငူကြီး ထိုင်ချလိုက်ရင်း လက်ထဲက စာလေးကို ဖွင့်ကြည့်လိုက်သည်။