ခါတိုင်းနှစ်တွေထက် ဒီနှစ်နွေက ပိုပူလိုက်တာ ။ ဒီစကားဟာ နွေရောက်တိုင်း ပြောနေကျ စကားတစ်ခွန်းပင်။
ဘာပဲပြောပြော နွေက ပူကိုပူတယ်။
ခုပဲကြည့် ကျောင်းသွားဖို့ရာ ရေချိုးပြီး အဝတ်ပင်မဝတ်ရသေး ချွေးတွေက တဒီးဒီး ကျလာပြီ။မတ်တပ်ရပ်လိုက်ရင် ခေါင်းနဲ့ အမိုးနဲ့ မလွတ်တဲ့ ထပ်ခိုးခန်းကျဥ်းလေး ထဲမှာ ကုတင်လေးတစ်လုံးရယ် စားပွဲလေးတစ်လုံး နဲ့ပင် နေရာကပြည့်နေသည်။
မရှိမဲ့ ရှိမဲ့ အရောင်လေးတွေ လွင့်ပြယ်နေပြီ ဖြစ်တဲ့ အဝတ်စားလေး နွမ်းနွမ်းလေး သုံး ၊ လေးစုံကိုတော့ သုံးထောင်တန် မိုးကာသား အိတ်လေးထဲ ထဲ့ပြီး ကုတင်အောက်တွင် နေရာချထားရသည်။
ဒီနေ့ ကျောင်းဖွင့်သည်မို့ ခေါင်းအုံးအောက်တွင် ဖိအိပ်ထားသော ပုဆိုးကွက်စိပ် နီညိုရောင်လေး နဲ့ ရှပ်အင်္ကျီ အဖြူရောင်လေးကို ယူကာ ဝတ်ဆင်လိုက်သည်။ မီးပူတိုက်ဖို့ရာအတွက် အခြေအနေမပေးတဲ့ ဘဝလေးမို့ လက်နဲ့ သေချာဖြန့်ပြီး သေသေသပ်သပ်ခေါက်ကာ ဖိအိပ်ထားပေးမယ့်လည်း အင်္ကျီလေးက ကော့ပြန်မနေ။
နံရံမှာ တိပ်နဲ့ ကပ်ထားတဲ့ မှန် အဝိုင်းသေးသေးမွဲမွဲလေးကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို သေသပ်စွာ ဖီး လိုက်သည်။ စားပွဲခုံပေါ်က ကချင်လွယ်အိတ်အနွမ်းလေးကိုယူကာ လွယ်လိုက်ရင်း စားပွဲထောင့်မှာ သီးသီးသန့်သန့် ဖယ်ထားသည့် စက္ကူ အိတ်အဖြူရောင်လေးကိုပါ အမြတ်တနိုးကြည့်ကာ ပြုံးပြီး ယူလိုက်သည်။
အရပ်အမောင်းက 5 ပေ 9 ရှိပြီး အချိုးအစားကျတဲ့ ခန္ဓာကိုယ်ရယ် မဖြူပေမယ့်လည်း ဝါဝင်းတဲ့ အသားအရေကို ပိုင်ဆိုင်ထားပြီး ဘယ်ချိန်ကြည့်ကြည့် အကြည်ဓာတ်လေး ရနေတဲ့ မျက်နှာလေးကြောင့် သူဟာ ဘယ်လိုဖြစ်ဖြစ် ကြည့်ကောင်းနေတဲ့ အမျိုးသား တစ်ဦးဆိုတာ ငြင်းပယ်လို့မရပေ။
ကျောင်းရှေ့ မှတ်တိုင်မှာ ဆင်းလိုက်တော့ လူက စထွက်လာတဲ့ ပုံစံနဲ့မတူတော့ပေ။ ဘတ်စ်ကားပေါ် တိုးဝှေ့စီးခဲ့ရတာကြောင့် ကျောပြင်တစ်ခုလုံးက ရေလောင်းချခံထားရသလို ချွေးတွေနဲ့ ကပ်နေသည်။
