မျက်နှာသစ်ပြီးစ မောင့်ရဲ့ မျက်နှာလေးက ကြည်လင်နေတာထက်ကို ပိုသည်။ မျက်နှာသုတ် တဘတ်ကို ယူလိုက်တာက အစ မျက်နှာကို ဖွဖွသုတ်လိုက်တဲ့ အဆုံး မောင်ဟာ သိပ်ကြည့်ကောင်းသည်။
" တောင်! "
မောင့် လက်တော့ပ်လေးဆီက mail ဝင်လာသည်ကြောင့် ကုတင် ခေါင်းရင်းကို ကျောမှီကာ ခြေဆင်းထိုင်ရင်း ပေါင်ပေါ်လက်တော့ပ်ကိုတင်လိုက်ကာ မေးလ် ကို ဖွင့်စစ်ကြည့်နေသည်။ ဒါလည်း ကြည့်ကောင်းတာပဲ။ မောင့် လက်ချောင်းရှည်ရှည်တွေ လှုပ်ရှားနေတာလေးက စမတ်ကျလိုက်တာ။
ရုံတောင်းတသည်ကြောင့် မောင်ကိုယ်တိုင်အခွံနွှာကာ ညီညီညာညာစိတ်ခြမ်းပေးထားသော ပန်းသစ်တော်သီးပန်းကန်ကို ကိုင်ကာ ကုတင်ပေါ်တက်လိုက်သည်။
" အိပ်ယာပေါ် မစားဘူး ထိုင်ခုံမှာ သွားထိုင်စား "
ရုံအိပ်ယာပေါ်တက်လိုက်သည်နှင့် ချက်ချင်းပင် မောင်က အခန်းထဲမှာရှိသော စတီစုံကို မျက်စပစ်ပြကာ ရုံ့အား နှင်လွှတ်သည်။
" ငါက ကလေးလား မင်းအိပ်ယာမပေစေရဘူး "
စေတနာရုံ ဆိုသည်မှာလည်း လုပ်ချင်တိုင်းလုပ်ရမှကျေနပ်သူမဟုတ်လား။ မောင့်စကားကို နားမထောင်ဘဲ ကုတင်ပေါ်တက်ကာ မောင့်ဘေးနား ပေတေကပ်ထိုင်တော့ ရုံ့အား စကားနားမထောင်တဲ့ကလေးဆိုးတစ်ယောက်လို ကြည့်လာသည်။
" မင်းဘေးနားမှာ စားချင်လို့လေ "
ပန်းသစ်တော်သီးစိတ်လေးကို မောင့်ပါးစပ်ထဲ ခွင့်လိုက်ရင်း ဟီးခနဲ ရယ်ပြကာ ချွဲတော့ မောင့်နှုတ်ခမ်းပါးလေးပင့်တက်ရုံ ပြုံးသည်။
မောင့်ပေါင်ပေါ် ခေါင်းလေးဦးပြီး လှဲအိပ်ချင်သော်လည်း ရုံ့ထက်အရင် laptop က နေရာဦးထားတာကြောင့် ထိုlaptop အား ဆူပုတ်ပုတ်တစ်ချက်ကြည့်လိုက်ပြီး လှစ်ဟာနေတဲ့ မောင့်ခြေသလုံးပေါ်မှာ ခေါင်းလေးကို နေရာချကာ လှဲအိပ်လိုက်သည်။ အသီးတစိတ်ကို ခရင်းနဲ့ထိုးယူကာ ဇိမ်ယူစားနေတုန်း မောင့်ဆီက ကြည်လင်လင် စကားသံထွက်လာသည်။
" သေချာထိုင်စား ငယ်ငယ် "
ရုံ ဘာမှမတုံ့ပြန်ဘဲ အသီးကို ဆက်စားနေတာကြောင့် ရုံ့ကို စူးစိုက်ကာကြည့်နေသော မောင့်မျက်ဝန်းတွေကို မျက်ဝန်းထောင့်မှ မြင်လိုက်ရသည်။
