ကိုယ် ကြီးပြင်းခဲ့တဲ့နေရာလေးကို အသန့်ရှင်းဆုံး ရှာဖွေထားတဲ့ ငွေကြေးနဲ့ အခါအခွင့်သင့်သလို လာကူဖြစ်တယ်။ ရုံကတော့ လိုက်လာတဲ့အခါရှိသလို လိုက်မလာတဲ့အခါလည်းရှိတယ်။ လိုက်မလာနိုင်တာက ပိုများပါတယ်။ ဂေဟာလေးက ကျွန်တော်တို့ငယ်ငယ်တုန်းကလို ချို့တဲ့ တဲ့ ဂေဟာလေးတော့မဟုတ်တော့ဘူး။ အလှူရှင်တွေပေါလာတာကြောင့် ဂေဟာမှာခိုလှုံနေတဲ့ကလေးငယ်တွေကို သေချာပြုစုနေနိုင်ပြီ။
" ကိုဆက် ရောက်လာပြီလား "
ဂေဟာထဲဝင်လိုက်တာနဲ့ အပြေးအလွှားကြိုဆိုသော ဂေဟာမှူး။ ကျွန်တော်တို့အားလုံးကတော့ ဆရာမကြီးလို့ ခေါ်ကြတယ်။
" ဟုတ် ဆရာမကြီး "
" စောသားပဲ ဆရာမကြီးက နေ့လယ်လောက်မှ လာမယ် မှတ်တာ "
" ကျွန်တော် လာမှာကို သိနေတာလား "
" အမလေး ကိုဆက်ရယ် သိတာပေါ့ နှစ်တိုင်း ဒီနေ့ဆို လာနေကြပဲ "
ဒီနေ့ကို မှတ်မိပေးတဲ့ ဆရာမကြီး ကြောင့် ကျွန်တော် ပြုံးမိတယ်။
" ကလေးတွေရော ဘယ်ရောက်နေကြလဲ တိတ်ဆိတ်နေတာပဲ ဒီမှာ ရုံ က မုန့်တွေ ဝယ်ပေးလိုက်တယ် "
" ရှိပါ့ အကုန်အနောက်ဘက်မှာ ကစားနေကြတယ် အစားသရဲတွေက တော့ ပျော်နေတော့မှာ ဒါနဲ့ သူလေးက မပါလာပါလား"
" ဟုတ်တယ် အလုပ်မအားလို့ သူက လိုက်ချင်နေတာ "
ဒါကတော့ ယဥ်ကျေးတဲ့ မုသားစကားလေးပေါ့။
" နောက်တခါ တူတူလာခဲ့ကြ "
" ဟုတ် ဒီနေ့ ကျွန်တော် ကလေးတွေကို ဆေးစစ်ဦးမယ် "
" ခု စစ်တော့မလား ကလေးတွေကို စုပေးမယ် "
" ဟုတ် "
" ဟာ ဂုံဂုံ လေးပါလား "
ဂုံဂုံ လေးဆိုသည်မှာ သုံးနှစ်အရွယ် ချစ်စရာ ကလေးလေးဖြစ်သည်။ ဖြူဖွေးတုတ်တစ်ပြီး ပါးဖောင်းဖောင်းကြီးတွေက အိကျိ အိကျိ နဲ့ ပြည့်ကားနေသည်။ ဆံပင်က ဘိုကေ လေးနဲ့ လူက လုံးလုံးလေး ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင် ဂုံဂုံ လေး ရောက်လာသည့်နေ့က ရုံ နဲ့ ဂေဟာ မှာ လာကူနေတဲ့ အချိန်မို့ ဂုံဂုံလေးကိုတော့ ကလေးတွေအားလုံးထက် ပို အမှတ်တရ ရှိနေသည်။ ရောက်စမွေးကင်းစလေးထဲက ဂုံဂုံလေးက ဖြူတုတ်တုတ်လေးပင်။
မြင်မြင်ချင်း ဂုံဂုံ လေး ကို ချစ်လို့ဆိုပြီး နာမည်ကိုတောင် စေတနာဂုဏ် ဆိုပြီး ရုံ ကိုယ်တိုင် မှည့်ပေးခဲ့တာ။
ရုံက ဂေဟာ လာရင် ကလေးတွေနဲ့ မရောပေမယ့် ဂုံဂုံ ကိုတော့ ချစ်သည်။
