ရုံတို့နှစ်ဦး အဖိုးအိမ်ထဲကို ဝင်လိုက်တော့ ဧည့်ခန်းမှာ အဖိုးနဲ့ကိုကိုက စကားပြောနေကြသည် ။ ကိုကိုနဲ့က အိမ်ချင်းကပ်လျက်ဖြစ်ပြီး လာနေကျမို့ ကိုကိုရောက်နေတာ မဆန်းပေ ။
" လာကြသေးတယ်လား "
" အဖိုး နေကောင်းတယ်နော် "
" အေး လာထိုင်ကြ ဒီမှာ မောင်နေခပါ ရောက်နေတာ "
အဖိုးက စားပွဲထိပ်မှာရှိပြီး မောင်နဲ့ ရုံရုံ ကတော့ ကိုကိုနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်လိုက်သည် ။
" မင်းတို့ မလာတော့ဘူးတောင် ထင်နေတာ "
" ဟုတ်ကဲ့ မနက်တုန်းက အရေးပေါ်လူနာလေး ပေါ်လာလို့ပါဗျ "
" မင်းမလဲ ငါ့ဆေးရုံမှာ လာလုပ်ပါဆိုတာကို မောင်နေခ ပြောကြည့်ပါဦး "
" ဟုတ်သားပဲ ညီရဲ့ အကိုတို့ဆေးရုံမှာ လာလုပ်ပါလား အကိုတို့က ကြိုဆိုပါတယ် အရည်အချင်းပြည့်ဝပြီး နောက်ခံ ကောင်းတဲ့ ဆရာဝန်တွေတောင် အကိုတို့ဆေးရုံမှာ ဝင်လုပ်ချင်ကြတာ ဒုနဲ့ ဒေးပဲ ညီက ဆေးရုံပိုင်ရှင်နဲ့ ဆက်နွယ်နေတော့ ဘာမှမလိုဘူး ဒီအတိုင်း ဝင်လာရုံနဲ့ နေရာရပြီးသားလေ အဟင်း "
ကိုမင်းနေခ၏ အပြောအဆိုမှာ ခနဲ့ သံတွေ ပါနေတာသူသိသည် ။ သူတင်မဟုတ် အကုန်လုံးကလည်း သိလိမ့်မည် ။ ဒါပေမဲ့ ဘာမှဝင်ပြောကြမည် မဟုတ် ။ သူတို့၏စိတ်ထဲတွင်လည်း ကိုမင်းနေခ မြင်သလို ဆက်မာန်ဟိန်းကို မြင်နေကြလိမ့်မည်။
" ကျေးဇူးပါဗျ အဖိုးတို့ ဆေးရုံက ပြည့်စုံပြီးသားဆိုတော့ ကျွန်တော့်ကို မလိုအပ်ပါဘူး ရပ်ကွက်ထဲမှာကျတော့ ကျွန်တော် ရှိမှ ရမှာမလို့ပါ "
သူ့ကို အရည်အချင်းမရှိတဲ့ ဆရာဝန်လို နှိမ်သလိုလို ခနဲ့ ပြောနေသော ကိုမင်းနေခအား မကြည့်ပဲ အဖိုးကိုသာ ပြန်ပြောလိုက်သည် ။
"အဟင်း "
တန်ရာတန်ရာပေါ့ဆိုသည့်အကြည့်နဲ့ လှောင်ပြုံးတစ်ခုကို မင်းနေခ တပ်ဆင်လိုက်သည် ။
" အဖိုးခေါ်တာ ဒီအကြောင်းပြောဖို့ဆို ပြန်တော့မယ် "
" အမလေးဟ ကြောက်ပါတယ် မပြန်ပါနဲ့ဦး ထမင်းစားလေး ဖိတ်တာပါဗျ ထမင်းလေးစားသွားပါဦး တကတည်းကိုမှ "