" ငယ် မလိုက်ပါနဲ့လား "
လိုအပ်တဲ့ ပစ္စည်းတွေထဲ့နေရင်း ဘေးမှာ ပုံ့ပုံ့ လေးထိုင်နေတဲ့ ကလေးကို မလိုက်ရန် ချော့ပြောတော့ နှုတ်ခမ်းက တစ်တောင်လောက် ဆူလာသည်။
" လိုက်မှာပါဆို "
" ခရီးကကြမ်းတယ် ရုံရဲ့ အရမ်းပင်ပန်းလိမ့်မယ် နေခဲ့နော် "
ဝေးလံခေါင်ဖျားရွာတွေ ဆေးကုသဖို့ သွားမှာကို လိုက်ချင်နေသော ရုံ။
" ငါတစ်ယောက်တည်း "
ဆေးရုံကို ကိုမင်းနေခ နဲ့ လွှဲထား၊ ရပ်ကွက်ဆေးခန်းကို ပိုးဥကိုပေးထားပြီး ရုံ ကတော့ အိမ်မှာ အိပ်လိုက်စားလိုက်ပင် နေသည်။ လူကလည်း တဖြည်းဖြည်း လုံးလုံးလေးဖြစ်လာပြီ။
သူကတော့ စေတနာဝန်ထမ်းသာ ဆက်လုပ်ပြီး လူနာတွေကို ကုသပေးသည်။ တစ်ခါ ခရီးထွက်ရင် အနည်းဆုံး တစ်ပတ်ကနေ အများဆုံး သုံးလ ငါးလ လောက်ထိကြာတတ်သည်။ အကြာကြီး သွားရမယ့် ခရီးတွေ ဆို ရုံကိုပါ ခေါ်သွားပေမယ့် အခုတစ်ခေါက်ခရီးက တစ်ပတ်ထဲအပြင် ခါတိုင်း ခရီးတွေနဲ့မတူ ခရီးက ကြမ်းတာကြောင့် ခေါ်မသွားချင်။
" အဖိုးတို့အိမ်သွားနေလေ ပျင်းရင် ဂုံဂုံလေးနဲ့ သွားဆော့လေ နော် "
" ဟင့် "
ခြေဆောင့်ပြီး ကုတင်ပေါ်သွားမှောက်ပြီးကောက်ပြီ။ မှောက်နေတာကလည်း ကိုယ်တစ်ဝက်က ကုတင်ပေါ်မှာ တစ်ဝက် က ကုတင်အောက်မှာ တွဲလောင်း။ ဖင်ကုန်းထားသလိုဖြစ်နေသည်မို့ ကြည့်ရတာ အင်းးးး။
" အိပ် မယ် ဆို သေချာအိပ် ရုံ "
" အင့် ဘုန်း ဘုန်း ဘုန်း "
ခေါင်းတစ်ချက်ထောင်ကြည့်ပြီး ပြန်မှောက်ချကာ လက်က ကုတင်ကို တဗြန်းဗြန်း ရိုက်ပြီး ကောက်နေတာ။
" မင်းက ငါ့ကို ထားခဲ့ချင်နေတာမလား မင်းတစ်ယောက်ထဲ လွတ်လွတ်လပ်လပ် သွားချင်တာမလား ငါ ပါ ရင် မလွတ်လပ်လို့မလား ငါကရှုပ်လို့ မခေါ်သွားချင်တာမလား အင့် ဟင့် လူယုတ်မာ အီးဟီးးးးး "
စေတနာရုံတို့ စ ဂျစ်ပြီ။ အခုနောက်ပိုင်း ဘယ်လိုဆိုးလို့ ဆိုးမှန်းကို မသိဘူး။ အသက် သုံးဆယ်လား သုံးနှစ်လား မသဲကွဲ။
