ရုံကိုသိပ်ရင်း သူပါ မှေးခနဲ အိပ်ပျော်သွားသည်။ နိုးလာတော့ ညနေပင်ရောက်တော့မည်။ ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ကလေးငယ်ကို အပူချိန် တိုင်းလိုက်တော့ အဖျားက မကျသေး ။ ညနေအတွက် ဆန်ပြုတ်ပြုတ်ဖို့ရန် ကလေးငယ်မနိုးအောင် ထပြီး အခန်းပြင်သို့ ထွက်လာခဲ့သည်။
" တီးတောင်! တီးတောင်!"
တိတ်ဆိတ်နေချိန် ထွက်ပေါ်လာသော ဘဲလ်သံကြောင့် ဆက်မာန်ဟိန်း၏နဖူးကြောတွေ အနည်းငယ်တွန့်သွားသည်။ ဧည့်သည်မလာတတ်တဲ့ အိမ်မလို့ လူခေါ်ဘဲလ်သံ ထွက်လာတာဟာ အနည်းငယ်ပင် ထူးဆန်းချင်သေးသည်။
ဒီအချိန်မှ ဘယ်သူလဲကွာ ရုံ နိုးသွားမှဖြင့် ။
" အကို ဝင်မယ်နော် "
" အာ ဟုတ် ကိုမင်းနေခ ဘာကိစ္စရှိလို့လဲ မသိဘူး "
ရုတ်တရက်မို့ ဧည့်သည်အား အိမ်ထဲဝင်ဖို့တောင် မပြောမိ ။ အမှန်တိုင်းပြောရရင် ဝင်လည်းမဝင်စေချင်။
" ရုံရုံ ဆေးရုံမလာလို့ ဘာများဖြစ်လဲလို့ "
" ရုံက နေမကောင်းလို့ အခု အိပ်နေတယ် "
" အကို ထင်တယ် အကို တွေ့လို့ရမလား "
" ဟို ညက အဖျားတက်ပြီး အိပ်မပျော်လို့ အခုမှ အိပ်ပျော်သွားတာမို့ "
" ဒီတိုင်းလေးကြည့်ရုံပါ မနှိုးပါဘူး "
ဒီလူဘယ်လိုလူလဲ အိပ်နေတယ်ပြောနေတာကို သူများအိပ်ခန်းထဲ အတင်းကာရော ဝင်ချင်နေပါလား။
" ဟုတ် "
" တစ်နေ့လေးနဲ့ ပိန်ကျသွားတာပဲ အဖျားလည်း ရှိသေးတယ် "
ရုံ နား ဖွဖွလေးသွားကာ နဖူးပေါ်လက်တင်ပြီး အပူချိန်စမ်းနေသည်မို့ ကလေးငယ် နိုးသွားမည်ကို စိုးထိတ်မိသည်။ သူ့ခမျာ အခုမှ အိပ်ရတာ။
" ဘာကျွေးထားလဲ ဆေးထိုးပေးသေးလား ကလေးက ဆေးထိုးကြောက်တော့ အထိုးခံလား "
" ဟုတ် စိတ်မပူပါနဲ့ "
" စိတ်မပူလို့တော့မရဘူး ရုံရုံ က ဆေးထိုး ဆေးစား ကြောက်တယ် ငယ်ငယ်လေးထဲက ဖျားရင် ကိုယ် ရှိမှ....အာ "
