" ကိုဆက် ကိုကိုရုံရုံက သားကြိုက်တာ မကြည့်ခိုင်းဘူး "
ကဲကြည့် တွေ့တာမှ မကြာသေးဘူး ဇာတ်လမ်းက စပြီ။အခုတလော ပရဟိတအသင်းမှာ အလုပ်တွေရှုပ်နေတာကြောင့် ရုံကို ဂုံဂုံလေးဆီ လိုက်မပို့ပေးဖြစ်။ မတွေ့ရတာကြာတော့ ရုံကို လွမ်းတယ်ဆိုပြီး ဂျီကျနေလို့ဆိုကာ သူ့အဖေက အိမ်ကိုလာပို့သွားလေရဲ့။ ဂုံဂုံရောက်လာစကတော့ ရုံက ပျော်နေရှာတာ။ ရောက်လာပြီး မကြာပါဘူး ခုကြည့် အသံတွေထွက်လာပြီ။
သူတို့နှစ်ယောက်စားဖို့ ချက်ပြုတ်နေတဲ့ ကိုယ့်ဆီကို ဂုံဂုံက လာပြီးတိုင်သည်။
" ရုံ ဂုံဂုံလေး ကြိုက်တာ ကြည့်ခိုင်းလိုက်လေ တစ်ယောက် တစ်လှည့် ကြည့်နော် "
ဂုံဂုံကို လက်ဆွဲကာ ကလေးငယ်ကို
သွားပြောတော့ တီဗီရှေ့မှာ ခေါင်းဦးလေးပိုက်ပြီး ထိုင်နေတဲ့ ကလေးငယ်က လက်မခံဘဲ ခေါင်းရမ်းပြသည်။ ဂုံဂုံ လက်ကို ဆွဲထားတာကိုစိုက်ကြည့်နေသေးသည်။ဂုံဂုံကို ကြည့်လိုက်တော့လည်း သူကြည့်ချင်တာ ကြည့်ရဖို့အတွက် ကိုယ့်ကို အားကိုးတဲ့ မျက်ဝန်းလေးတွေနဲ့ ကြည့်နေပြန်သည်။
ဒီကလေးနှစ်ယောက်ကြားထဲ သက်ပြင်းတမမချ၍သာ။သက်ပြင်းချလိုက်တော့ ရုံက လူကိုမော့ကြည့်လာသည်။ ပြီးနောက် တီဗီရီမုလေးကို မပေးချင် ပေးချင်နဲ့ ဂုံဂုံ့ကိုပေးသည်။
" ရော့ "
" လိမ္မာတယ် "
အနားသွားပြီး ခေါင်းလေးပွတ်ပေးတော့လူကိုပြန်တုံ့မပြန်ပဲ ရှေ့ကတီဗီကိုသာ စိုက်ကြည့်နေသည်။
" မောင် သူ ကြည့်နေတာ ကြာလှပြီ ငါ့အလှည့် မပေးဘူး "
ကဲ ဒီတစ်ခါ အလှည့်ကျတာက မောင်စေတနာရုံ ဖြစ်သည်။
" ကလေးကြိုက်တာ ကြည့်ပါစေ ငယ် ငယ်ရဲ့ "
သူ့အလိုကိုမလိုက်တော့ ထမင်းစားခန်းရဲ့ တံခါးဝမှာ ခေါင်းကြီးငုံ့ပြီး ရပ်နေပြန်သည်။
" လာ ငယ်ငယ်က မောင့်နားလာထိုင် "
ချော့ခေါ်လိုက်တော့လည်း အနားကို တရွေ့ရွေ့နဲ့လာပြီး ထမင်းစားစားပွဲမှာ ဝင် ထိုင်ပြီး မျက်နှာကိုစားပွဲပေါ် မှောက်ချသည်။ ကြည့် ဒါကောက်စရာ ကိစ္စမှ မဟုတ်ပဲ။