Part - 6

27.9K 2.5K 28
                                    

မိဘမဲ့ဂေဟာတွေဟာ နွေးထွေးပြီး ကြီးမြတ်တဲ့ နာမည်တွေ ရှိပေမဲ့ ဂေဟာမှာ ခိုလှုံနေကြတဲ့ ကလေးတွေရဲ့ ဘဝကတော့ မေတ္တာငတ်ပြီး နိမ့်ကျနေတဲ့ ဘဝလေးတွေပင် ။ ထိုကလေးငယ်များထဲတွင် ဆက်မာန်ဟိန်းဆိုတဲ့ ကလေးငယ်လည်း အပါအဝင်ပေါ့။

လွန်ခဲ့သော 26 နှစ်က ဒီလိုနေ့မျိုးမှာ အလင်းရောင်ခြည်ဆိုတဲ့ မိဘမဲ့ဂေဟာ ရှေ့မှာ ချက်ကြိုးတန်းလန်းနဲ့ မွေးကင်းစ ကလေးငယ်လေး တစ်ဦး စွန့်ပစ်ခံခဲ့ရတယ်။ လူမသိသူမသိ စွန့်ပစ်သွားသည်မို့ မိဘဆိုတာ ဘာမှန်းတောင် မသိခဲ့ရ​ပေဘူး။ ဟုတ်ပါတယ် အဲ့ကလေးက ကျွန်တော် ဆက်မာန်ဟိန်းပါပဲ။

ဂေဟာက ခေါ်မွေးထားလို့ အသက်ရှင်ခဲ့ရပေမဲ့ အလှူရှင်မရှိတဲ့ ဂေဟာနွမ်းလေးမှာ နေရတဲ့ ဘဝဟာ သာယာတယ်လို့တော့ မရှိခဲ့ပါဘူး။ တစ်ကြိမ်တစ်ခါတောင်မှပေါ့။

ကိုယ်ပိုင်အဝတ်အစားဆိုပြီး သီးသန့် မရှိပဲ ဂေဟာမှာ ရှိတဲ့သူတွေအကုန်လုံးက အတူတူပေါင်းပြီး ဝတ်ရတယ်။
ကျောင်းစိမ်းဝတ်စုံ အလုံအလောက်မရှိလို့ ကျောင်းဝတ်စုံ မဝတ်ပဲ ကျောင်းတက်ခဲ့ရတာတွေ ၊ အဖြူက အဝါရောင်လို ညစ်ထေးနေတဲ့ ကျောင်းဝတ်စုံနဲ့ ကျောင်းတက်ရတာတွေ ၊ လူပေါင်းစုံ ဝတ်တဲ့ အဝတ်တွေမို့ ခန္ဓာကိုယ်မှာ ဝဲတွေ အနာစိမ်းတွေက မပြတ်။ အဟင်း အဲ့အချိန်က ပုံတွေ ရုံသာ မြင်ရင် ကျွန်​တော့ကို ရွံရှာမှာ အသေအချာပင်။ တော်သေးတာပေါ့ ငယ်ဘဝရဲ့ အမှတ်တရ ဓာတ်ပုံဆိုတာမရှိခဲ့လို့။တော်သေးတာပေါ့ ရုံ နဲ့ ငယ်ငယ်က မသိကျွမ်းခဲ့လို့။ငယ်ငယ်တုန်းကသာ တွေ့ခဲ့ရင် သိကျွမ်းလိမ့်မည်မဟုတ်။ ကျွန်တော်က ရွံစရာကောင်းတယ်လေ။

ထမင်းကို နေ့စဥ် ဆီစမ်းဆားဖြူး အင်း  ဆားစမ်းဆားဖြူး ရက်တွေက ပိုများပါတယ်။ ဒီလို ဆင်းရဲချို့တဲ့လှတဲ့ဂေဟာ လေးမှာ သိပ်ကိုရှားပါးတဲ့အလှူရှင်​တွေလာတဲ့နေ့ရက်တွေဆို အင်မတန်​ပျော်ဖို့ကောင်းတာ​ပေါ့ ။အဲ့လိုပျော်စရာရက်လေးတွေက တစ်လမှာ တကြိမ်လောက်တောင် ရှိမလားပဲ။

ကံဆိုးတာလား ကံကောင်းတာလား မသိပေမဲ့ ကျွန်တော်က ဉာဏ်ကောင်းတယ်တဲ့။အတန်းထဲမှာ စာမေးပွဲဖြေတိုင်း အဆင့်တစ်ရပေမဲ့ ဆုပေးပွဲကျရင်တော့ ကျွန်တော့်နာမည် ဘယ်တော့မှ ပါမလာပါဘူး။အဲ့လိုပဲ ကျွန်တော်က လူရာလည်း အသွင်းမခံရသလို ကျွန်တော့်ကို ဘယ်သူကမှလည်းအပေါင်းအသင်းမလုပ်ပါ။ အော်...တတိယတန်းတုန်းကထင်တယ် အဲ့တုန်းကတော့ ဆုပေးပွဲမှာ ကျွန်တော့်နာမည်ပါလာတယ်။ ဒါပေမယ့် ဝတ်စရာ အဝတ်အစားမရှိလို့ သွားမယူဖြစ်ခဲ့ပါဘူး။

မောင့်စေတနာရုံ (မောင့်စေတနာရုံ)Nơi câu chuyện tồn tại. Hãy khám phá bây giờ