အချိန်ကို ကြည့်လိုက်တော့ မနက် (2) နာရီ။ လူတွေရဲ့ အသက်ကို ကယ်တဲ့နေရာဖြစ်တဲ့ ဆေးရုံသည် ဘယ်အချိန်မှာ ဘယ်လိုလူနာတွေ ရောက်လာမယ်မှန်း မသိတဲ့ အတွက် ပိတ်ချိန်ဆိုတာမရှိ။ ဒါကြောင့် နေ့နေ့ညည သက်ဝင် လှုပ်ရှားကာ ဆူညံနေသည်။
ကုတင်ပေါ်က လူသားတစ်ဦးကတော့ အိပ်စက်ခြင်းမှာ ပျော်ဝင်နေပြီ။အခုလိုကျတော့လည်း သူမဟုတ်တဲ့ အတိုင်း အေးချမ်းလို့။ ရုံရုံကို စိတ်ဆိုးမပြေသေးတဲ့ ကိုကိုဟာ အစားကောင်းကောင်းကျွေးမရ၊ ဆေးကောင်းကောင်းတိုက်မရ ၊ စကားတွေ အကန်ပဲပြောပြီး ဂျစ်ကန်ကန်နိုင်နေသည်။
အိပ်ရေးပျက်မှာစိုးလို့ ညဂျူတီတွေ မယူခဲ့တဲ့ ရုံ လည်း ကိုကို့ကြောင့် ဆေးရုံမှာ နေ့နေ့ညည နေဖူးပြီ ။
" မြန်မြန်နေကောင်းပါတော့ ကိုကို ရုံရုံလည်း ပင်ပန်းလှပြီ "
ရုံရုံ တကယ်ပင်ပန်းနေပြီ စိတ်ရော လူရော။ အိပ်လို့လည်းမပျော်။ အိမ်ပြန်ပြီးသာ အိပ်လိုက်ချင်ပြီ။အိမ်မှာဆို အိပ်ပျော်မှာ။
အိပ်လို့မပျော်တာကြောင့် ရုံရုံ လူနာတွေကို လိုက်စစ်ရန် ထွက်လာခဲ့သည်။
ဒီရက်ပိုင်း ကိုကို နားထားတာမို့ အရေးပေါ်ဌာန မှာ အဆင်ပြေလား ကြည့်ရန် အောက်ဆုံးအထပ်သို့ ဆင်းခဲ့သည်။ အရေးပေါ်ဌာန ဆိုတာ ဆေးရုံရဲ့ အလုပ်ရှုပ်ဆုံးနေရာဖြစ်သလို အရေးပေါ်ဌာန မှာ တာဝန်ကျတဲ့ ဆေးရုံဝန်ထမ်းတွေက အလုပ်ရှုပ်ဆုံး ၊ အပင်ပန်းဆုံးပင်။ အရေးပေါ်ဌာန ထဲရောက်တော့ လူနာတွေ ဆေးရုံဝန်ထမ်းတွေ ပျားပန်းခပ်နေသည်။ ဒါက ထုံးစံဆိုပေမဲ့ ရုံကတော့ ဒီအခြေအနေကို အသားမကျပေ။ သူ့ဟာနဲ့သူ ဆရာဝန်တွေ သူနာပြုတွေ လုံလောက်နေတာမို့ တချက်ကြည့်ပြီး ပြန်ထွက်လာလိုက်သည်။
" ဟဲ့ ဟိုမှာ ဟိုမှာ ငါ့စတိုင်လ်နဲ့ကွက်တိ "
" ဟယ် ချောတယ်နော် ငါလည်း ကြိုက်တယ် ဟီး "
" နင်မကြိုက်တာရှိသေးလား "
" နင်ကလည်း သူ့ပုံစံကိုတော့ တကယ်ကြိုက်တယ် မျက်နှာ လေးကို က အကြည်ဓာတ်လေး နွေးထွေးလိုက်တာ "
