"ရှပ် ရှပ် ရှပ် ရှပ်"
ခြံဝန်းကျယ်ကြီးတစ်ခုထဲတွင် လူတစ်ယောက်၏ခေါက်တုန့်ခေါက်ပြန်လျှောက်နေသောခြေသံတစ်ခုသည် တရှပ်ရှပ်နှင့်ထွက်ပေါ်လျှက်ရှိနေသည်။ ခြံပေါက်ဝလေးကိုတမျှော်မျှော်နှင့် လက်နှစ်ဖက်ကိုလည်းပွတ်ခြေကာ ဂနာမငြိမ်နိုင်ဖြစ်နေသောသူ
"သားခေတ် ထိုင်စောင့်ပါလားကွယ်"
"ရပါတယ် တီမေရဲ့ မောင်ပြန်လာရင် အပြေးကြိုရအောင်ဗျား"
"အေးပါကွယ်။ သဘော သဘော"
ပြောမရသည့်အဆုံး ဒေါ်မေမိုးပြည့်လည်းခေတ်ကိုလွှတ်သာထားလိုက်ရတော့သည်။
ဟုတ်သည်။ ဒီနေ့မောင်ပြန်ရောက်လာတော့မည့်နေ့ပင်။ လွန်ခဲ့တဲ့၈ရက်လောက်တည်းက မောင်နဲ့ခေတ်အဆက်အသွယ်ပြတ်သွားခဲ့တာ။ မောင်အမေ့ဆေးရုံတင်ရတယ်ဆိုတဲ့နေ့ကနောက်ဆုံးဖြစ်မည်ထင်။ အဆက်အသွယ်ပြန်ရတော့လည်း မောင်ရဲ့အသံလေးဟာ နွမ်းလျပြီး မကြားဝံ့သာသော သတင်းဆိုးလေးတစ်ခုကိုအရင်ပြောလာခဲ့သည်။ သူ၏အမေဖြစ်သူ အဖျားတွေတအားကြီးရင်း ဆုံးသွားပြီတဲ့လေ။ ကင်ဆာရောဂါကို ရေရှည်ဆွဲကုနေရသူမို့ ကိုယ်ခံအားတွေကျပြီး ခံနိုင်ရည်မရှိတော့ဘူးထင်ပါရဲ့လေ။ ထိုသတင်းအတွက်တော့ ခေတ်တို့သေချာပေါက်စိတ်မကောင်းဖြစ်မိပေမယ့် သူ့အမေနာရေးကိစ္စတွေပြီးတာနဲ့ပြန်လာခဲ့မယ်ဆိုသော မောင့်စကားကြောင့် မပျော်သင့်ပေမယ့်လည်း ပျော်မိသားရယ်။
ဒီနေ့ကပြန်လာမယ့်နေ့ပေမို့ မောင့်အဖေဦးသီဟမောင်ကလည်းအလုပ်မသွားသလို ရှင်းလျှန်ရော ဒေါ်မေမိုးပြည့်ပါ မောင်ပြန်အလာကိုစောင့်နေကြလေသည်။
ရှင်းလျှန်ဆိုမှ ရှင်းလျှန်လည်း ခုတစ်လော မျက်နှာသိပ်မကောင်းလှ။ စိုင်းမော်ရှန်း အလုပ်ထွက်သွားတာကြောင့်ထင်ပါရဲ့လေ။အမြဲတမှိုင်မှိုင်နှင့်သာ။ ခေတ်တစ်ယောက် သူ့ဟာသူ ယောက်ယက်ခက်နေရင်း ငူငူငိုင်ငိုင်ထိုင်နေသော ရှင်းလျှန်ကိုလည်းလှမ်းကြည့်ကာသက်ပြင်းချလိုက်မိသေးသည်။ သူနဲ့စစတွေ့တုန်းက သွက်သွက်လက်လက်ကလေးနဲ့ချစ်စရာကောင်းလှသော ရှင်းလျှန်။ ခုချိန်မှာတော့ ရင်ခွင်မဲ့နေတဲ့ကလေးငယ်အတိုင်းပင်။
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)