"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်"
"တီး..တီးးး"
"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်"
အကြိမ်ကြိမ် အခါခါ ခေါ်ဆိုနေလည်းပဲ တစ်ခုတည်းသောအဖြေကိုသာ ထပ်ခါထပ်ခါဖြေဆိုနေသောဖုန်းလေး။ စိုင်းမော်ရှန်း ကုတင်ဘေးတွင်ငုတ်တုတ်လေးထိုင်ချရင်း တုန်ယင်နေသောလက်အစုံဖြင့် ထိုဖုန်းလေးကို ကိုင်ကာ မျက်ရည်တွေရွှဲနေသော မျက်လုံးလေးတွေဖြင့် တွေတွေလေးငေးနေခဲ့မိသည်။ ထိုဖုန်းလေး စက်ပြန်ဖွင့်လာဖို့ဆုတောင်းနေခဲ့တာလည်းအကြိမ်ကြိမ်။ သူခေါ်ဆိုနေခဲ့တဲ့ ထိုဖုန်းပိုင်ရှင်ကောင်လေးကို ခုချိန်မှာ အရမ်းလိုအပ်နေမိတယ်မလား။
ဒီနေ့ဟာ သူ့ဘဝကြီးအတွက် ကံဆိုးမိုးမှောင်ကျရတဲ့နေ့။ ရှင်သန်ရာ အကြောင်းအရင်းဖြစ်တဲ့ ရောင်ခြည်၂ဖြာထဲက တစ်ဖြာပျောက်ဆုံးရတဲ့နေ့ပေမို့။
‐------------------------
မနက်၂နာရီ အချိန်ကြီး ဆေးရုံမှ သူ့အမဖြစ်သူ၏ဒေါက်တာထံမှဖုန်းဝင်လာခဲ့သည်။ အိပ်ချင်မူးတူးနဲ့ မျက်လုံးမပွင့်ဘဲ ကိုင်မိခဲ့တဲ့ ထိုဖုန်းဟာ သတင်းဆိုးကိုသယ်ဆောင်လို့ မှိန်းစင်းနေတဲ့မျက်လုံးအစုံကိုပြူးကျယ်စေခဲ့သည်။ ကိုမာအခြေအနေနဲ့ ၂နှစ်ကျော်၃နှစ်နီးပါးလောက် ကျန်ရှိနေတဲ့အသက်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အသက်ဆက်နေရတဲ့ အမဖြစ်သူဟာ လောကကြီးကို စွန့်ခွာသွားပါပြီတဲ့လေ။ အရှုံးပေးသွားခဲ့ပြီ။ တစ်သက်တာအတွက်အိပ်စက်သွားခဲ့ပြီတဲ့။မယုံနိုင်စရာထိုသတင်း။ မဖြစ်နိုင်တာတွေလေ။ သူ့အမဟာဘယ်လောက်တောင်ကြံ့ခိုင်ပြီးသန်မာလိုက်သလဲ။ ဘယ်လောက်တောင် အသက်ရှင်ချင်စိတ်ပြင်းပြလိုက်သလဲ။
ထိုသတင်းကြောင့် တုန်ယင်လာတဲ့ ခန္ဓာကိုယ်နဲ့ တလိမ့်လိမ့်ကျလာတဲ့ မျက်ရည်တွေဟာ ဘယ်လိုနည်းနဲ့မှထိန်းမရခဲ့။ ခြုံထားတဲ့စောင်တွေကို တင်းတင်းဆုပ်ကိုင်ရင်း စိတ်တွေလွတ်ထွက်သွားတော့မည့်အလား တက်တော့မတက်ငိုနေခဲ့မိတာ ကမ္ဘာပျက်တော့မလို။ ငိုရင်းရှိုက်ရင်း သတိဝင်လာခဲ့တဲ့အချိန် ပထမဆုံးသတိရမိသူကတော့ သမီးလေးပင်။ချက်ချင်းဆိုသလိုပင် အိပ်ရာမှထကာ သမီးငယ်လေးရှိရာဘေးချင်းကပ်ရပ်အခန်းလေးဆီ အပြေးတစ်ပိုင်းသွားမိတော့ ကလေးငယ်လေးဟာစောင်ပုံလေးထဲ နွေးထွေးနှစ်ချိုက်စွာအိပ်လို့။
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)