နေ့လည်နှစ်နာရီခွဲကနေ လေးနာရီထိုးတဲ့အထိ မနားတမ်းဆော့ကြပြီးနောက် အိမ်ထဲတွင် ခဏတဖြုတ် ဝင်နားဖြစ်ကြသည်။ သင်္ကြန်လေးရက်စလုံးတွင် ကိုထွန်းနှင့် ကိုငယ်တို့ညီအစ်ကိုမှာ ကျွန်တော်တို့အိမ်ဘက်တွင်သာ တစ်ချိန်လုံးရှိနေကြပြီး မေမေလုပ်ကျွေးသမျှသော
မုန့်ပဲသရေစာများဖြင့် ငြိမ့်နေကြသည်ပင်။"ဘယ်သူအရင်ကုန်လဲ ပြိုင်သောက်မယ်။ ရှုံးတဲ့သူတွေက နိုင်တဲ့သူပြောတာကို လုပ်ပေးကြေး။"
နို့ဆန်ပြုတ်ဖြူဖြူလေးတွေ ထည့်ထားသော ပန်းကန်ကိုငေးရင်း ပြောလိုက်ခြင်းဖြစ်လေသည်။ ကျွန်တော့်စကားကို ကိုထွန်းနှင့်ကိုငယ် တို့ကလည်း လက်ခံကြသဖြင့် အငွေ့တထောင်းထောင်းထနေသော ဆန်ပြုတ်ဖြူဖြူလေးများအား အပူလျော့စေရန်အတွက် ဇွန်းဖြင့် မွှေနှောက်ကာ သူ့ထက်ငါ အလျင်ဦးအောင် ပြိုင်သောက်ကြရန် ပြင်လိုက်ကြတော့သည်။
ကြွေပန်းကန်လုံး၏ ဘေးဘက်မျက်နှာပြင်ပေါ်မှ အပူငွေ့သည် ပထမတော့ လက်ဖဝါးထက်မှာသာဖြစ်ပြီး ထိုမှတဆင့် လျှာဖျားပေါ်အထိ စိမ့်ဝင်လာကြပါသည်။ အထူးသဖြင့် နိုင်ချင်ဇောကြီးလှပါသော ကျွန်တော့်ထံတွင် ဆန်ပြုတ်တစ်ပန်းကန်လုံး ကုန်သွားပြီးချိန်၌ လျှာများထုံကာ ကျန်ရစ်ခဲ့တော့သည်။
"ငါကုန်သွားပြီ ဟဲဟဲ။"
"မင်းဘယ်လိုများ သောက်လိုက်တာလဲ တတရေ။
မပူတဲ့အတိုင်းဘဲ။"ကိုထွန်းတစ်ယောက်မှာလည်း သူ့ညီစကားကို ထောက်ခံနေပုံရသည်။ မျက်လုံးကြီးပြူးကာ ကျွန်တော့်ကိုတစ်လှည့်၊ ပန်းကန်အလွတ်ကို တစ်လှည့် ကြည့်နေသောကြောင့် သဘောကျကျနှင့် ရယ်လိုက်ရပါသေး၏။
"မင်းတို့က မှုတ်သောက်နေတာကိုး။ ငါက မမှုတ်ဘူး။ ဒီအတိုင်း ထိုးထည့်ပြီး မြိုချပစ်တာပဲ။ ပါးစပ်ထဲရောက်တော့လည်း မပူတော့ပါဘူး။ "
စပ်တပ်တပ်ဖြစ်နေသော လျှာတစ်ခုလုံးအား မသိချင်ယောင်ဆောင်လျှက်ဖြင့် ပြန်ဖြေလိုက်တော့ ညီအစ်ကို နှစ်ယောက်စလုံး ကျွန်တော့်ကို ငေးကြည့်နေလိုက်ကြပုံများ၊ အဲ့ဒီအချိန်မှာ ကျွန်တော်သည်လည်း ကိုယ်ကိုယ့်ကိုယ် ပါဝါရိန်းဂျား အနီကောင် ကဲ့သို့ပင် ခံစားလိုက်ရပါသည်။
YOU ARE READING
ကြူး(KYUU)
Romanceအိပ်မရတဲ့ ရက်များစွာကို အိပ်မက်တွေက အသက်ဆက်ပေးနေခဲ့တယ် ခြယ်လှယ်သူကတော့ ကြူး ဖြစ်ကြောင်း... အိပ္မရတဲ့ ရက္မ်ားစြာကို အိပ်မက်တွေက အသက်ဆက်ပေးနေခဲ့တယ် ခြယ်လှယ်သူကတော့ ကြူး ဖြစ်ကြောင်း... Own Creation By Han_Me