Part 24(Unicode)

2K 247 27
                                    

တတိယလပတ် စာမေးပွဲရလဒ်များ ထွက်လာပြီးနောက်ပိုင်းတွင်လည်း အဆင့်တစ်နှင့် အဆင့်နှစ်ကို ဗိုလ်စွဲထားမြဲဖြစ်သော ကျွန်တော်နှင့် တက်သစ်ကြူးတို့၏ ထိုင်ခုံနေရာများမှာ အပြောင်းအလဲ မရှိခဲ့ကြပေ။ သို့သော် အဆင့်အလိုက် ထိုင်ကြရသည့် သတ်မှတ်ချက်တစ်ခုက ရမှတ်မတည်ငြိမ်ကြသော အတန်းထဲရှိ ကျောင်းသားအတော်များများကြားတွင်တော့ မကျေနပ်၊မခံချင်မှုများစွာဖြင့် ဂယက်ထစေခဲ့သည်။

စာမေးပွဲတစ်ခါဖြေပြီး၍ ရလဒ်ထွက်တိုင်း
ထိုင်ခုံနေရာများ တစ်ခါပြောင်းသွားရခြင်းသည်
အတန်းထဲရှိ ကျောင်းသား၊ကျောင်းသူအချင်းချင်း၏ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကို ချဲ့ထွင်ပေးခြင်းမည်သော်လည်း တချို့တလေအတွက်ကျတော့ ဤနည်းစနစ်က စိတ်ရှုပ်စရာ နည်းစနစ်တစ်ခုသာ ဖြစ်သည်။ အထူးသဖြင့် တက်သစ်ကြူးလိုမျိုး... လူတိုင်းနှင့် အလွယ်တကူ မရောထွေးနိုင်သည့် သီးသန့်ဆန်ဆန် စရိုက်ပိုင်ရှင်များအတွက်တော့ အသားကျပြီးသား ဆက်ဆံရေးတစ်ခုကို အသစ်ကတစ်ဖန် ပြန်စရတယ်ဆိုတာမျိုးက တကယ်ကို မွန်းကြပ်စရာကောင်းလွန်းတဲ့ အခြေအနေကြီးတစ်ခုပဲ...။

ထိုကဲ့သို့ တွေးမိတော့ တခြားသူတွေ နေရာပြောင်းရင်း အလုပ်ရှုပ်နေကြချိန်မှာ ကျွန်တော်ကတော့ ကြူးကို စကားပြောရန် ဟန်ပြင်မိသည်။ အင်္ဂလိပ်ဖတ်စာအုပ်ကို ရှေ့ချပြီး ထိုစာအုပ်ထဲ အာရုံဝင်စားနေခဲ့သော ကြူးက သူ့နာမည်အခေါ်ကို သုံးကြိမ်မြောက်ကျမှ ပြန်ထူးခဲ့သော်လည်း ကျွန်တော့်ကိုတော့ လှည့်မကြည့်။

"ငါ့လို သူငယ်ချင်းမျိုးရတာ မင်း ကံကောင်းတယ်သိလား။"

"ဘာဖြစ်လို့လဲ။"

"တကယ်မသိလို့ ပြန်မေးတာလား။"

ကျွန်တော့်မေးခွန်းကြောင့် တက်သစ်ကြူးတစ်ယောက် အာရုံများသွားပုံရသည်။ အင်္ဂလိပ်ဖတ်စာအုပ်ထဲ နစ်ဝင်နေသည့် မျက်လုံးနက်နက်တို့က ကျွန်တော့်မျက်နှာကို စူးစိုက်ကြည့်လာပြီး တစ်ညီတည်း ဖြောင့်တန်းနေတတ်သော မျက်ခုံးနက်တို့ကိုတော့ ခပ်သာသာလေး တွန့်ချိုးထားခဲ့သည်။ "ဒီကောင် ဘာမဟုတ်တာတွေ ပြောဦးမလဲ"ဟု တွေးနေဟန် မျက်နှာဘေးမျိုး ဖြစ်နေခဲ့သည့်အတွက် ကြူးပုံစံကိုကြည့်ရင်း ကျွန်တော်ရယ်မိသေးသည်။

ကြူး(KYUU)Where stories live. Discover now