Part 8(Unicode)

2.7K 310 23
                                    

အပြုံးတို့မည်သည် လှပမြဲသာဖြစ်၏တဲ့။ သို့ဆိုလျှင် ကုန်စိမ်းသည်တစ်ယောက်၏ အပြုံးကရော တကယ်တမ်းမှာ လှပနေပါရဲ့လား။

အဖြေသည်ကား ကျွန်တော့်မျက်စိရှေ့တွင် ရှိနေလေပြီ။ ကုန်စိမ်းသည်တစ်ယောက်ဖြစ်သူ ဒေါ်လေးကျင်လတ်၏ အပြုံးကတော့ မည်းညစ်နေသော အဆီပြောင်တင်းတင်း ရစ်လျက်ရှိသည့် မျက်နှာနှင့် ကွမ်းဂျိုးတက်နေသော သွားအစုံတို့ကြောင့် လှပခြင်းမရှိပါ။ သို့သော် သာမန်အပြုံးတို့ထက်စာလျှင်တော့ ပို၍ နှစ်လိုဖွယ်ရာကောင်းနေခဲ့သည်။

"တတ ခဏနေဦး။ သရက်သီးပေးလိုက်မလို့။"

လှည့်ထွက်မည်ကြံနေသော ခြေလှမ်းတို့ကို ဒေါ်လေးကျင်လတ်အသံက ​ဟန့်တားလိုက်ပြန်သောကြောင့် သနပ်ခါးပင်အောက်တွင် ကုတ်ကုတ်ကလေး ရပ်နေလိုက်ရသည်။ ဒေါ်လေး အိမ်ထဲဝင်သွားချိန်ကျမှ ကိုငယ် အိမ်ပေါ်မှ ဆင်းလာကာ သူ့အစ်ကိုဘေးတွင် ဝင်ရပ်ရင်း ညီအစ်ကိုနှစ်ယောက်သား ကျွန်တော့်ကို စနောက်ကြ၏။

"နေပါဦးဟ မင်းကလည်း တစ်ခါတစ်လေ လာတာကို အိမ်ပေါ်တောင် မတက်ဘူး။ ပြန်ပြေးမယ် ဆိုတာချည်းပဲ။"

ကိုငယ့်အပြောကို ကိုထွန်းက
ရယ်၍ထောက်ခံကာ ကျွန်တော့်ကိုလည်း သူတို့အိမ်ပေါ်သို့ အတင်းတက်ခိုင်းနေသောကြောင့် ငြင်းမရသည့်အဆုံး၌ အိမ်အဝလေးတွင်သာ ဝင်ထိုင်လိုက်သည်။ ထို့နောက် ကျန်အိမ်သားများ၏ မေးခွန်းများကို လက်မလည်အောင် ဖြေကြားနေစဥ် ကျွန်တော်တို့အနားသို့ ဒေါ်လေးကျင်လတ် ​ပြန်ရောက်လာသည်။

ဒေါ်လေးယူလာသော သရက်သီးတွေက အမည်းရောင် ကြွပ်ကြွပ်အိတ်ကြီးနှင့် တစ်အိတ်ဖြစ်နေသောကြောင့် ကျွန်တော့်မှာ အားနာကာ တချို့တစ်ဝက်ကို ပြန်ယူထားရန် ပြောခဲ့သော်လည်း ​ဒေါ်လေးက လက်မခံ။ ထို့ကြောင့် သရက်သီးတစ်အိတ်လုံးကို အိမ်ယူခဲ့ရသော်လည်း စိတ်ထဲမှာတော့ ခပ်လန့်လန့်ဖြစ်မိသည်။ မေကြီးမြင်တဲ့အခါ ထိုသရက်သီးတွေအားလုံး အိမ်ရှေ့ရေမြောင်းထဲကို  လွှင့်ပစ်ခံရမလား။ ဒါမှမဟုတ် သူနဲ့ မတည့်သူဆီကမှ အစားငမ်းချင်စိတ်နဲ့ ယူလာတဲ့ ကျွန်တော့်ကိုပဲ ဆူပူနေမလား...ဖြစ်မလာသေးတဲ့ အကြောင်းအရာတွေကို တွေးရခြင်းက သေမင်းခံတွင်းဝဆီ ကိုယ့်ခြေထောက်နှင့်ကိုယ် လှမ်းရခြင်းနှင့် ထပ်တူညီသည်။

ကြူး(KYUU)Where stories live. Discover now