ကျော့ကေသီနွယ် ။
ကျွန်တော့်အခေါ် မမကျော့ဆိုသည်ကား ကျောင်းတွင် ထင်ပေါ်ကျော်ကြားသော မိန်းကလေးတစ်ယောက်သာ ဖြစ်လေသည်။ အများတကာ ကျောင်းသူ မိန်းကလေးတွေထက် ထင်ပေါ်သူ ဆိုတော့လည်း မမကျော့ကို ကြိတ်ကြိုက်နေကြသော ကျောင်းသားများကလည်း အများအပြားရယ်။
ကျွန်တော်ကတော့ ကြိုက်တယ်ဆိုတာထက် မမကျော့ရဲ့အလှအပကို သဘောကျ မြတ်နိုးရုံသာရှိသည်။ ဤသည်ကို ကိုငယ်တို့က "တောင်းတနေ သည် ကျော့ကေသီနွယ်အား တစ်ဖက်သတ်ကြိုက်နေသည်" ဟူသော ခေါင်းစဥ်အောက်မှာ ထည့်သွင်းလိုက်ကြသတဲ့လေ။
တကယ်တမ်းကျတော့ သဘောကျနှစ်ခြိုက်ခြင်း၊ ကြိုက်နှစ်သက်ခြင်း နှင့် ချစ်ခင်မြတ်နိုးခြင်းဆိုသော အဓိပ္ပါယ်အဖြာဖြာအား ကျွန်တော့်နှလုံးသားက အသေအချာ နားမလည်နိုင်သေးပါချေ။ သို့သော် လတ်တလောအချိန်တွင် ကျွန်တော်သိသည်မှာ မမကျော့က လှတဲ့အတွက် ငေးချင်စရာကောင်းပြီး ကိုငယ်တို့ရဲ့အပြောကလည်း ကျွန်တော့်အတွက် သာယာချင်စရာ ဖြစ်နေတယ်ဆိုတာပဲ။
အဲ့ဒီထက် ပိုတာကတော့ ဘာမှမရှိတော့ဘူး။
"ဒါနဲ့ အခုနက မင်းပြောလိုက်တဲ့ စကားကြီးက ဘာစကားလဲ။ ငါက ကြူးကို မမကျော့ထက် ပိုကြိုက်နေသလိုပဲ ဆိုတာက။ ဘာလဲ မင်းက ငါ့ကို ဘယ်လိုထင်နေတာလဲ ကိုငယ်။"
ကျွန်တော့်လေသံမာသွားသောကြောင့် ကိုငယ်သည်လည်း အထိတ်တလန့် ဖြစ်သွားရှာတယ် ထင်ပါသည်။ အကြည့်ကို တစ်နေရာတည်းတွင် မထားသည်က သူ့မျက်လုံးများကို ကျွန်တော့် အကြည့်ဒဏ်မှ လွတ်မြောက်အောင် စွမ်းဆောင်နေရပုံ။
"ဘာလဲ မင်းပြောတုန်းက ပြောပြီးတော့ ဘွာတေးလာလုပ်လို့မရဘူးနော်။"
"တတကလည်း ငါက ဘာရယ်မဟုတ်ဘဲနဲ့ လွှတ်ကနဲ ထွက်သွားတာလေကွာ။"
"ဘယ်လိုပဲဖြစ်ဖြစ် အဲ့လိုပြောတာ ငါမကြိုက်ဘူး။ ကြူးကို ငါဘယ်လောက် မျက်မုန်းကျိုးနေလဲဆိုတာ မင်းတို့လည်း သိရက်သားနဲ့။ ငါ သူ့ကို လိုက်ကြည့်မိတယ်ဆိုရင်တောင် အဲ့တာ ကြိုက်...ကြိုက်လို့မဟုတ်ဘူး။ အမြင်ကတ်လို့ကွ။ အမြင်ကတ်လို့။ သိပြီလား။"
YOU ARE READING
ကြူး(KYUU)
Romanceအိပ်မရတဲ့ ရက်များစွာကို အိပ်မက်တွေက အသက်ဆက်ပေးနေခဲ့တယ် ခြယ်လှယ်သူကတော့ ကြူး ဖြစ်ကြောင်း... အိပ္မရတဲ့ ရက္မ်ားစြာကို အိပ်မက်တွေက အသက်ဆက်ပေးနေခဲ့တယ် ခြယ်လှယ်သူကတော့ ကြူး ဖြစ်ကြောင်း... Own Creation By Han_Me