Part 34(Unicode)

1.9K 248 53
                                    

တစ်လ...

တစ်လဆိုသော အချိန်က မိသားစုတစ်စု
ပြောင်းရွှေ့ထွက်ခွာရန် လုံလောက်သော အချိန်ကာလတစ်ခု မဟုတ်ခဲ့ပေ။ သို့သော်လည်း ခေါင်းရင်းအိမ်မှ မိသားစုလေးကတော့ မည်သို့မည်ပုံ စီမံလိုက်ကြသည်လဲမသိ။ တစ်လမပြည့်ခင် သုံးရက်အလိုမှာကတည်းက သူတို့ရဲ့ အသိုက်အမြုံအသစ်ဆီ ပြောင်းရွှေ့အခြေချရန် အသင့်ဖြစ်နေခဲ့ကြပြီး မတိုင်ခင်က မိသားစုဝင်များပြားသော အိမ်ကလေးဟာ ရုတ်တရက်ဆန်သော ဖြစ်ရပ်တစ်ခုကြောင့် တစ်ကွဲတစ်ပြားစီ ဖြစ်သွားရကာ ယခုတော့ ကိုယ့်လမ်းကိုယ် လျှောက်ကြရတော့မည်။

အိမ်ထောင်စုတွေ သူ့အစုနှင့်သူ သီးခြားခွဲထွက်သွားခြင်းက မိသားစုဝင်လေးယောက်သာ ကျန်ရစ်တော့သည့် ကိုငယ့်အတွက်တော့ တစ်နေရာတည်းတွင် အားလုံးစုပေါင်းပြီး ကြပ်ကြပ်တည်းတည်း အိပ်ရတဲ့ဒုက္ခကနေ လွတ်မြောက်စေမည့် လမ်းစတစ်ခုဟု ယူဆနိုင်သော်လည်း အမှန်တကယ်တမ်းမှာကျ ဆုံးရှုံးမှုတွေကိုသာ ပိုရရှိခဲ့ခြင်းဖြစ်သည်။ အဓိက ဆုံးရှုံးလိုက်ရသည်က သူ့ရဲ့ ပျော်ရွှင်မှု​များ...။

သည်ကနေ့က ပိတ်ရက်ဖြစ်သည်။
တစ်ဖက်အိမ်မှာတော့ မိုးမလင်းခင်ကတည်းက
ဆူညံသံများ စတင်နေပြီ။ ထိုအသံတွေက ပုံမှန်ကြားနေကျ အသံများ ဖြစ်သည့်တိုင်အောင် ဒီနေ့ကတော့ နောက်ဆုံးကြားရခြင်းပဲဟု တွေးလိုက်သည်နှင့် ရင်ထဲမှာ မွန်းကြပ်လာသည်။

နောက်တစ်နေ့ဆိုရင် ခေါင်းရင်းအိမ်မှာ လုံးဝတိတ်ဆိတ်သွားတော့မှာ...။ မဟုတ်သေးဘူး...
ဒီနေ့မှာတင်ပဲ တိတ်ဆိတ်သွားတော့မှာ...။

"မေမေ သား ဟိုဘက်အိမ် ခဏသွားလိုက်ဦးမယ်။"

"ဘာသွားလုပ်မလို့လဲ တတရဲ့။"

"ကိုငယ်တို့ကို သွားကူပေးမလို့လေ။"

"ကူစရာ ရှိမှာမဟုတ်ဘူး။ သူတို့လူနဲ့သူတို့တင် ရနေပြီ။ ပြီးတော့ သားအဖေလည်း အိမ်မှာရှိနေတယ်လေ။"

မေမေက မသွားနဲ့ဟု တိုက်ရိုက်မပြော။ ဖေဖေအိမ်မှာ
ရှိတယ်ဆိုသည့် စကားတစ်ခွန်းတည်းနဲ့တင် ကျွန်တော့်ကို ထိန်းချုပ်လိုက်သည်။ မေကြီးကို ပြောခိုင်းရအောင်လည်း
မေကြီးက ရေဖိုးအကြွေးသွားတောင်းနေရသဖြင့် အိမ်မှာမရှိ။ ပြီးပြီပေါ့ ကိစ္စက...။ အခုဆိုရင် အ​ဖေ မသိတတ်သလိုမျိုး သူ့သားလည်း မသိတတ်ဘူးဆိုတဲ့ စကားမျိုး ထွက်လာရင်တောင်မှ အံ့ဩစရာမရှိတော့ဘူး။

ကြူး(KYUU)Where stories live. Discover now