Part 53(Unicode)

2.2K 256 35
                                    

၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၇ရက်၊ စနေနေ့။

"အင်း...ကြူး ငါရောက်နေပြီ။ မင်း ဘယ်နားမှာ စောင့်နေတာလဲ။"

"&PROUDစာလုံးအကြီးကြီးရှိတဲ့ ရှေ့နားမှာ...။
ရောက်နေပြီဆို တွေ့လိမ့်မယ်။ rainbowအလံနှစ်ခုနဲ့ ရောင်စုံအဝတ်စတွေ အများ​ကြီးရှိတယ်"

ကျွန်တော်လက်ဆောင်ပေးထားတဲ့
အပြာနုရောင်တီရှပ်နဲ့ ဂျင်းနက်ပြာကို တွဲဖက်ဝတ်ဆင်ထားတဲ့ ကြူးက သူ​ပြောတဲ့နေရာမှာပဲ ကျွန်တော့်ဖုန်းကိုကိုင်ထားရင်း ရပ်စောင့်နေသည်။ "ပုဆိုးဝတ်မလာနဲ့နော်" ဆိုတဲ့စကားကြောင့် ကျွန်တော့်အလိုအတိုင်း ဝတ်စားလာခဲ့ပေမယ့် နေထိုင်ရခက်ပုံမရှိတဲ့ ပုံရိပ်လေးကိုမြင်တော့ အလိုလိုပြုံးလိုက်မိ၏။ ကျွန်တော်သည်လည်း အဝါနုရောင်တီရှပ်နဲ့ ကြူးကဲ့သို့ ဂျင်းနက်ပြာကိုသာ ဝတ်ထားခဲ့ခြင်းဖြစ်သည်။

အရောင်မတူတဲ့ ဆင်တူဝတ်စားမှုက ကျွန်တော်တို့နှစ်ယောက်ဟာ သက်ဆိုင်သူတွေပါလို့ သိသာစေတဲ့ အမှတ်အသားတစ်ခုနဲ့။

"ငါ မင်းကိုတွေ့ပြီထင်တယ်"

"ဘယ်မှာလဲ...ငါမတွေ့သေးဘူး"

"ရှာကြည့်လေ"

ကျွန်တော့်စကားကြောင့် ခေါင်းတလည်လည်
ဖြစ်သွားတဲ့ကြူး....။ စနောက်ချင်စိတ်နဲ့ ကျွန်တော်ရပ်နေတဲ့နေရာကို မပြောဘဲ ဖုန်းချလိုက်တော့ ခပ်ဝေးဝေးမှာ ထင်းနေတဲ့ပုံရိပ်လေးက ဖုန်းမျက်နှာပြင်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လာသည်။ စိတ်မရှည်လို့ဆိုတာထက် လူတွေနဲ့ ဆိုင်းဘုတ်တွေကြားမှာ ရောထွေးနေတဲ့ ကျွန်တော့်ကို ရှာမတွေ့လို့သာ သူ ပျာပျာသလဲဖြစ်သွားတာ...။

နောက်တစ်ကြိမ် ဖုန်းမြည်လာတော့ သူ့အသံက အလျင်စလိုဖြစ်နေပြီ။

"တစ်နေ...မနောက်ပါနဲ့။ လူတွေအရမ်းရှုပ်နေလို့
ငါ မင်းကိုမတွေ့ဘူး"

"မင်း အခုရပ်နေတဲ့နေရာကနေ ကိုးနာရီဆယ်မိနစ်ကိုကြည့်လိုက်..."

ကျွန်တော်ပေါက်ကရပြောသမျှ ကြူးက နောက်ကလိုက်လုပ်တော့တာပဲ။ ရုပ်ရှင်တွေထဲကအတိုင်း နာရီလက်တံတည်နေရာပြောလိုက်တာကိုလည်း ချက်ချင်းတွက်ဆပြီး ကျွန်တော်ရှိတဲ့ဘက်ငေးလာတော့ လွတ်နေတဲ့လက်တစ်ဖက်နဲ့ ဘယ်ပြန်ညာပြန် ဝေ့ယမ်းပြလိုက်ရသည်။ ဖုန်းမကျခင် "မင်းက ဆိုင်းဘုတ်နောက်မှာ ပုန်းနေတာကိုး...မဟုတ်ရင် ရှာတွေ့တာပေါ့"လို့ ခပ်ကြိတ်ကြိတ်ပြောသွားတဲ့ စကားကြောင့် သူ့ရှေ့မှာရပ်မိတဲ့အထိ ကျွန်တော် ရယ်လို့မဆုံးတော့ဘူး။

ကြူး(KYUU)Where stories live. Discover now