Part 50(Unicode)

2.5K 272 78
                                    

"ကြူး...မင်းမောင်ကို အဆောင်ပြောင်းခိုင်းတယ်ဆို...၊
အဲ့ဒါမှ မင်းက ငါနဲ့လာနေလို့ရမှာဆိုပြီး သွားပြောတယ်ဆို"

"ဟုတ်တယ်လေ"

သာမန်ဝန်ခံချက်တစ်ခုလိုပါပဲ ကြူးပုံစံက
အေးအေးဆေးဆေး...။ ကျွန်တော် သူ့ကို ဒေါသထွက်နေတဲ့ပုံစံနဲ့ စိုက်ကြည့်နေတော့လည်း ဘယ်လိုမှ ခံစားရဟန်မပြ။ သူလုပ်တာ မမှားဘူးဆိုတဲ့ အချိုးနဲ့ပါ ကျွန်တော့်ကို ပြန်ငေးကြည့်နေတာ...။ "ဘာလို့ အဲ့လိုသွားပြောရတာလဲ"မေးလိုက်တော့ "မင်းကမှ မပြောချင်တာ" လို့ ပြန်ဖြေလာသည်။ ကျွန်တော့်ကိုယ်စား အမုန်းခံပေးလိုက်တာဆိုတဲ့ သဘောသက်ရောက်နေတဲ့ ​ဖြေပုံဖြေနည်းကြောင့် ဒေါသ​ထွက်နေရင်းကြားက
ရယ်ချင်လာရ၏။

ဒါပေမယ့် ကျွန်တော်ရယ်လိုက်ရင် ကြူးက သူ့ကိုယ်သူမှားတယ်ထင်တော့မှာ မဟုတ်ဘူး။

"အားနာစရာကြီးလေ ကြူးရ။ သူက သူ့ခံစားချက်ကို
ဝန်ခံခဲ့ရုံပဲ။ ပြီးတော့ ငါကလည်း ငြင်းလိုက်ပြီးပြီ။ အဲ့ဒါကို သူလည်း နားလည်တယ်။ ငါငြင်းထားတာတောင်မှ ရှေ့ဆက်တိုးလာရင်တော့ တစ်မျိုးပေါ့။ ကျောင်းပြီးဖို့က နှစ်နှစ်ပဲ လိုတော့တာ...။ နည်းနည်းသည်းခံလိုက်ရင် သူလည်း သူ့လမ်းသူသွားမှာ။ အဆောင်ပြောင်းတယ်ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ မင်း အဲ့လိုသွားပြောတော့ သူများကို ကိုယ်ချင်းမစာသလို ဖြစ်တယ်လေ။ အဲ့ဒါမကောင်းတဲ့လုပ်ရပ်ပဲ။ မင်း မှားတယ်ဆိုတာ သိလား..."

"သိပါတယ်...။ သိပေမယ့် ငါမှ သည်းမခံနိုင်တာ တစ်နေရ"

ဆူလိုက်တော့လည်း မျက်နှာလေးငယ်သည်။ အင်းယားကန်ရေပြင်ဘက် ပြန်လှည့်ငေးသွားတဲ့ ပုံစံကို မြင်ရတော့လည်း ကျွန်တော့်မှာ စိတ်မကောင်း...။
အမှန်တော့ မင်းမောင်အခြေအနေက ကျွန်တော် ကြူးကို ပြောလိုက်သလိုမျိုး အဆိုးရွားကြီးမဟုတ်။ မင်းမောင်ရဲ့ မိဘအိမ်က သန်လျင်ဘက်မှာ...ရန်ကုန်နဲ့ သိပ်မဝေးပေမယ့် အသွားအပြန် ခရီးကြာချိန်မပေးချင်၍ အဆောင်နေလိုက်ခြင်းသာဖြစ်သည်။

"တော်ပြီ ဒီတစ်ခါ ထားလိုက်တော့။ ငါ မင်းကို
စိတ်ဆိုးလို့ ပြောတာမဟုတ်ဘူးနော်။ ဒါပေမယ့် ငါတို့နှစ်ယောက်ပေါင်းပြီး သူများကို အနိုင်ကျင့်တယ် ဆိုတာကြီးကတော့ မကောင်းဘူးလေ။ ဟုတ်တယ်ဟုတ်...။"

ကြူး(KYUU)Where stories live. Discover now