Part 10(Unicode)

2.7K 295 32
                                    

"မေမေ ဆရာမက ပြောလိုက်တယ်။ နောက် နှစ်​ရက်လောက်နေရင် ကျူရှင်ဖွင့်မယ်တဲ့။ အဲ့ဒါ....။"

သံရှည်ဆွဲရင်း စကားရပ်လိုက်ခြင်း ဖြစ်သောကြောင့် မေမေက ကျွန်တော့်ကို လှည့်ကြည့်လာသည်။ ညနေစာအတွက် ကန်စွန်းရွက် ကြော်နေရင်း တန်းလန်းဖြစ်သည်မို့ မေမေ့မှာ အာရုံများနေပုံရသည်။ "သားလေး ခဏနော်"ဆိုသည့် စကားကိုသာ ပြောလိုက်သဖြင့် ကျွန်တော်လည်း လှေကားခြေရင်းတွင်သာ သွားထိုင် နေလိုက်တော့သည်။ မမခိုင်က မေကြီးနှင့်အတူ အပြင် ပါသွားသောကြောင့် မေမေ့ကို ဝိုင်းကူမည့်သူ မရှိ။ ထို့ကြောင့် ကျွန်တော့်ဘက်က စိတ်ရှည်သည်းခံရင်း မေမေ့အပြီးကိုသာ စောင့်နေဖြစ်တော့သည်။

ကန်စွန်းရွက်ကြော် ကြော်အပြီး၌ ကျွန်တော့်ရှေ့သို့ မေမေရောက်လာသည်။ ထို့နောက် မျက်နှာပေါ်တွင် ရှိနေသော ချွေးစက်၊ချွေးပေါက်များကို လက်ဖဝါးနှင့် သုတ်ပစ်ရင်း မဆုံးဖြစ်လိုက်သော ကျွန်တော့်စကားကို မေးလာခဲ့သည်။

"ပြောလေ တတ။ မေမေ ပြီးပြီ။"

"သန်ဘက်ခါလောက်ကျရင် ကျူရှင်ဖွင့်မယ်တဲ့ မေမေ။ အဲ့ဒါ..."

ဒီတစ်ခါတော့ ကျွန်တော်က စကားရပ်ပစ်မိခြင်း မဟုတ်ဘဲ မေမေ ဖြတ်ပြောလိုက်ခြင်း​ဖြစ်သည်။

"ဖွင့်ပြီလား။ ဖွင့်တယ်ဆို တက်လေ သားရဲ့။"

ထိုစကားကိုသာ ကြားရလိမ့်မည်ဟူ၍ ခန့်မှန်းထားပြီး ဖြစ်စေကာမူ ကျွန်တော့်စိတ်ထဲတွင် မပျော်နိုင်သေး​ပါ။ အထူးသဖြင့် သည်ရက်ပိုင်းတွင် အိမ်စီးပွားရေး အခြေအနေ မကောင်းသည်ကို သတိပြုမိသဖြင့် မေကြီးနှင့်မေမေတို့ကိုလည်း ကျွန်တော့် အတွက်ကြောင့် ဒုက္ခပိုရခြင်းမျိုး မဖြစ်စေချင်။

သို့သော် ကျွန်တော်သည်ကား သူငယ်တန်းမှစ၍ သူငယ်ချင်းများကြားတွင် မျက်နှာမငယ်ဘဲ နေလာရသော ကလေးတစ်ယောက် ဖြစ်သည်နှင့်အညီ အိမ်စီးပွားရေး မကောင်းသောကြောင့် ကျူရှင်မတက်နိုင်သော အဖြစ်သို့ ရောက်ရမည်ကိုလည်း  ရှက်မိပါသည်။ ထို့ကြောင့်ပင် မေမေ့ကို ကျူရှင်ကိစ္စ ဖွင့်ပြောရချိန်၌ ကျွန်တော့်စိတ်ထဲတွင် အားတုံ့အားနာ ဖြစ်စိတ်များအပြင် အလိုမကျသော စိတ်များသည်ပါ ရောထွေးနေခဲ့သည်။

ကြူး(KYUU)Donde viven las historias. Descúbrelo ahora