KYUU (6) Unicode

1.1K 97 22
                                    

"ကြူး မင်းရဲ့မျက်နှာမှာ အဖုကလေးတွေ။
ဘာဖြစ်တာလဲ ခြင်ကိုက်တာလား။ ဆေးလေးဘာလေးလိမ်းဦး"

မျက်နှာပေါ် တိုးဝင်လာတဲ့ ထွက်သက်ဖျော့​ဖျော့...။ "ဘာမှမဖြစ်ဘူး"လို့ ပြန်ဖြေလိုက်တာကိုလည်း ထိုကောင်လေးက အလိုက်ကမ်းဆိုးမသိ "ဘာအဖုတွေလဲ။ ဘယ်လိုဖြစ်တာလဲ။ ဆေးမလိမ်းဘူးလား။ မင်းက သေချာလည်းဂရုမစိုက်ဘူး။ မျက်နှာပေါ် အမာရွတ်ထင်နေရင် ဘယ်လိုလုပ်မလဲ" ဆက်မေးလာတော့ သက်ပြင်းရှိုက်သံ တိုးတိုးလေးက သူ့ရင်ခုန်သံတွေထဲ ရစ်ပတ်နှောင်တွယ်လာခဲ့တော့၏။

ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေ ပြောင်းလဲလာတာ အချိန်သိပ်မကြာသေး...။ သို့ပေမယ့် တောင်းတနေနဲ့
ပတ်သက်တဲ့ ခံစားချက်တွေကတော့ အိမ်ပြန်ချိန် လမ်းတစ်လျှောက်က ညနေခင်းနေရောင်ခြည်လေးကဲ့သို့ နွေးထွေးတည်မြဲနေခဲ့တာ ဘယ်အချိန်ကတည်းကရယ်လို့ တိတိကျကျပင် ရည်ညွှန်းမရခဲ့...။

ဆယ်ကျော်သက်အရွယ် လူပျိုပေါက်လေးတစ်ယောက်ရဲ့ စိတ်ကူးယဥ် ညဥ့်အိပ်မက်တွေထဲ ရောယှက်ပါဝင်လာသူက မိန်းကလေးတစ်ယောက်ဖြစ်သင့်ပါလျက် သူကတော့ "တောင်းတနေ"ဆိုတဲ့ သူ့ရဲ့တစ်နေကိုသာ တောင်းတမက်မောခဲ့မိလေ၏။ တကယ်တော့ စိတ်ကူးယဥ်အိပ်မက်ထဲမှမဟုတ် သူ့ရဲ့အတွေးတွေ အားလုံးက သူငယ်ချင်းဖြစ်ချင်တယ်လို့ ရည်ရွယ်ထားမိသူ တစ်ယောက်ကိုမှ လိုချင်တပ်မက်စိတ်နဲ့ ချစ်ခင်စွဲလမ်းနေခဲ့မိခြင်း...။

ရယ်သံသဲ့သဲ့လေး နားထောင်လိုက်ရရုံ၊ "ကြူး"ဆိုတဲ့ နာမည်ခေါ်သံလေး ကြားလိုက်ရရုံနဲ့တင် သူ့နှလုံးသားက ထိန်းမရအောင် ခုန်ပေါက်ခဲ့ပြီး တောင်းတနေအနားမှာ ရှိနေရချိန်တွေက သူ့အတွက်တော့ အိုအေစစ်လေးတစ်ခု ရှာဖွေတွေ့လိုက်ရသလိုပင် ဖြစ်ခဲ့၏။ ထို့အတူ
တစ်ချိန်တည်းမှာပဲ သူဟာ သဲကန္တာရထဲရောက်နေသူ တစ်ယောက်ကဲ့သို့ ခံစားချက်တွေဟာ သဲမှုန်တွေလို
များပြားစွာ လွင့်မြောဖြစ်တည်နေခဲ့ပေမယ့် တောင်းတနေကို
သူ့ရဲ့ခံစားချက်မုန်တိုင်းထဲ နစ်မွန်းသွားစေတာမျိုးလည်း
မဖြစ်ချင်။

ယောကျ်ားတစ်ယောက်ရဲ့စွဲလမ်းမှုက ယောကျ်ားတစ်ယောက်ဖြစ်နေခဲ့ရုံနဲ့တင် အမေဖြစ်သူရဲ့ မျက်ရည်တွေကို သူ့ငယ်ဘဝတစ်လျှောက်လုံး လုံလုံလောက်လောက် မြင်ခဲ့ရပြီးပြီးပဲမလား။
ဒါ့အပြင် သူ့အဖေဟာလည်းပဲ ယောကျ်ားတစ်ယောက်ကို စိတ်ထဲထည့်ထားလျက်က သာမန်မိသားစုဘဝကို ရွေးချယ်ခဲ့တာပဲမို့ ကြူးက သူ့ခံစားချက်တွေကို မသိလိုက်ခင်မှာဘဲ ထုတ်မပြဖို့အတွက် သိမ်းဆည်းထားနှင့်ပြီးသားဖြစ်ခဲ့၏။

ကြူး(KYUU)Where stories live. Discover now