Part 27(Unicode)

2K 234 36
                                    

"တတရေ ထတော့လေ ရှစ်နာရီခွဲနေပြီ"

"ဟာ မေမေကလည်း အစောကြီးရှိသေးတယ်။ သားမှာ ကျောင်းပိတ်ရက်လေးပဲ အိပ်ရတာကို ခဏခဏလာနှိုးနေတာပဲ။"

"စာမေးပွဲပြီးကတည်းက နေ့တိုင်းအိပ်နေတာကို
သူ့မှာ အိပ်လို့ပဲမဝနိုင်ဘူး။ နှိုးရတာပေါ့ ကိုယ်တော်လေးရဲ့  ဆွမ်းလောင်းရမယ်လေ။ အချိန်က နီးနေပြီ။"

"အာ....မလောင်းတော့ဘူး မေမေရာ။ မေမေတို့ပဲ ထွက်လောင်းလိုက်တော့။ သားအိပ်ချင်လို့ပါ....။"

"ပြီးရော...ပြီးရော ကျွန်မတို့ပဲ လောင်းလိုက်ပါမယ်ရှင်။ ကိုယ်တော်ကတော့ ဆက်အိပ်တော်မူပါ။ တစ်ကတည်း...
ဟိုကောင်လေးလည်း လူထွက်ရော သူ့မှာ ဆွမ်းပါ မလောင်းချင်တော့ဘူး။ အောင်စာရင်းတော့ သွားကြည့်ဦးမှာမလား။ ကြည့်မယ်ဆို အကြာကြီးမအိပ်နဲ့ တော်ကြာ နေဖင်ထိုးသွားလိမ့်မယ်။"

အခန်းဝမှာ ပွစိပွစိလာလုပ်နေသော မေမေ့ကို
အိပ်ရာထဲမှပင် လက်မထောင်ပြလိုက်သည်။ ဆက်အိပ်၍ မရတော့သော်လည်း အတွေးစများကို ဖမ်းဆုပ်ထားရင်း ခေါင်းအုံးပေါ် မျက်နှာအပ်မိတော့ ကြားနေရပြန်သော စကားသံများ...။

"ဟိုကောင်လေးလည်း လူထွက်ရော သူ့မှာ ဆွမ်းပါ မလောင်းချင်တော့ဘူး" တဲ့...။

မေမေက ထိုစကားကို မေကြီးကိုလည်း ​ပြောပြသည်။ မမခိုင်ကိုလည်း ပြောပြသည်။ မေမေ မပြောပြသူဟူ၍ မနက်အစောကြီးကတည်းက အလုပ်ကိစ္စတစ်ခုကြောင့် အိမ်မှအလျင်စလို ထွက်သွားရသော ဖေဖေသာလျှင်ရှိသည်။ မှန်ကန်နေသော စကားတစ်ခွန်းဖြစ်သောကြောင့်လည်း ကျွန်တော်မငြင်းမိ...။

"ဟိုကောင်လေးလည်း လူထွက်ရော သူ့မှာ ဆွမ်းပါ မလောင်းချင်တော့ဘူး"တဲ့။

တစ်ခုပါပဲ အဲ့ဒီစကားက ကျွန်တော့်ကို သာမန်ထက် ပိုရှက်စေ၊ သာမန်ထက် စကားသံတွေ တိတ်ဆိတ်စေပြီး အငြင်းသန်နေကျ လူတစ်ယောက်၏ သာမန်မဟုတ်သော တိတ်ဆိတ်ငြိမ်သက်မှုကို အသိစိတ်ထဲကနေ ဖြည်းဖြည်းချင်း တိုးဝှေ့ဆွဲထုတ်သယ်ဆောင်လာခဲ့တာတွေက ဘာသဘောလဲ။

ဒါပေမယ့် နောက်ဆုံးတော့လည်း ကျွန်တော့်အတွေးစတွေက လေထဲကို မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်မီးခိုးငွေ့တွေလိုမျိုး အလုံးအရင်းလိုက် တက်လာတဲ့ ခဏမှာသာ သူတို့ရှိနေကြောင်း မြင်တွေ့လိုက်ရတဲ့ သက်သေတစ်ခုပါပဲ။ ဖမ်းဆုပ်ပြသစရာရယ်လို့ ဘာမှ မရှိတဲ့အပြင် အဲ့ဒီလို ရှိလည်းမရှိ၊ သိလည်းမသိနိုင်တဲ့ ခံစားမှုတစ်ခုကို ကျွန်တော်ကိုယ်တိုင်ကလည်း လျစ်လျူရှူချင်ခဲ့တယ်။

ကြူး(KYUU)Where stories live. Discover now