Part 21(Unicode)

2.2K 256 41
                                    

စက်ဘီးနှင့် ဆိုက်ကားများသာ အဖြတ်များသော
လမ်းကလေး၏ တစ်ဖက်ခြမ်းသို့ ခြေခုနှစ်လှမ်းမျှ လှမ်းလိုက်ရုံနှင့် ဘေးချင်းကပ်လျက် ရှိနေသော မုန့်တီဆိုင်နှစ်ဆိုင်ရှေ့သို့ ရောက်နိုင်ပြီဖြစ်သည်။ သို့သော် ကျွန်တော်နှင့် ကြူးကတော့ အတူတူလျှောက်လာခဲ့သော လမ်းအဆုံးက မုန့်တီဆိုင်မျက်စောင်းထိုးရှိ ဓာတ်တိုင်ဘေးတွင်ရပ်ကာ မှောင်ရီပျိုးစ မိုးကောင်းကင်အောက်မှာ အငြင်းပွားနေမိကြဆဲ...။

ကျွန်တော်စားနေကျ ဘယ်ဘက်ခြမ်းမှ မုန့်တီဆိုင်နှင့်
သူစားနေကျ ညာဘက်ခြမ်းမှ မုန့်တီဆိုင်...။ နှစ်ဆိုင်ထဲမှ နှစ်ယောက်အတူ ထိုင်စားကြရန် တစ်ဆိုင်တည်း ရွေးရမည့်အဖြစ်က ကျွန်တော်တို့နှစ်ယောက်အတွက် စကားရည်လုပွဲအသေးစားတစ်ခုကို ဖန်တီးပေးခဲ့သည်။

"ကြူးရ...မင်းသောက်နေတဲ့ဆိုင်ကလေ အရမ်းညစ်ပတ်တယ်။ ဒီဘက်ဆိုင်ပိတ်တုန်းက ငါ အဲ့မှာ တစ်ခါလေး ဝင်စားမိပါတယ်။ မုန့်တီပန်းကန်ထဲ ဆံပင်တွေ ပါလိုပါ။ မုန့်ဖတ်သုတ်ကလည်း သဲတရှပ်ရှပ် ဖြစ်လိုဖြစ်နဲ့ မကောင်းပါဘူးကွာ။ ငါ့လောက် မုန့်တီကြိုက်တာ ငါပဲရှိတယ်။ ဒါပေမယ့် အဲ့တုန်းက ကုန်အောင်တောင် မစားနိုင်ခဲ့ဘူး။ ငါ သောက်နေကျဆိုင်မှာပဲ ထိုင်ကြမယ်နော်"

"မင်း ဆိုင်ကမှ ပိုဆိုးတာ တစ်နေရ။
မုန့်ဖတ်နယ်ရင်လည်း ဘယ်တော့မှ လက်အိတ်မစွပ်ဘူး။ သူ့လက်သည်းတွေကြားမှာ ချေးတွေရှိနေတာ မင်းမတွေ့ဘူးလား။ ပြီးတော့ လက်ချောင်းပေါ်မှာလည်း အမာရွတ်တွေနဲ့။"

"အမာရွတ်ဆိုတာ သဘာဝအတိုင်းဖြစ်လာတဲ့ တက်တူးတစ်ခုလိုပဲ ရွံစရာမရှိပါဘူး ကြူးရာ။ ငါစားလာတာ ဒီလောက်ကြာပြီ လက်သည်းကြားမှာ ချေးရှိတာ တစ်ခါမှ မမြင်ဖူးဘူး။ မင်းဆိုင်ကမှ ဆံပင်တွေရော၊ သဲတွေရော ပါလာတာ။ ဆံပင်မှာ ပိုးမွှားတွေ အများကြီးရှိနေတာ မင်းလည်းအသိ။ သဲတွေကလည်း ဘယ်က လွင့်လာ​မှန်းမသိ။ တော်ကြာ ခွေးချေးတွေ ရောနေရင် ဘယ်လိုလုပ်မလဲ။"

" ဒီလိုပြောကြကြေးဆို မင်းကြုံဖူးတာတွေကို ငါလည်း
ကြုံဖူးတာမှ မဟုတ်တာ။ လက်အိတ်မစွပ်ထားတဲ့လက်က ဆံပင်တို့၊သဲတို့ထက် ပိုသန့်တယ်လို့ အာမခံနိုင်ပါ့မလား။ ဘယ်နေရာတွေ လျှောက်ကိုင်ထားမှန်း မသိဘဲ ငါက ဘယ်လိုယုံပြီး စားရမှာလဲ။"

ကြူး(KYUU)Where stories live. Discover now