နွေရာသီရဲ့ ပူနွေးခြောက်သွေ့တဲ့ နေ့တာတစ်ခုအဆုံး၊ ပန်းနုရောင်ရပ်ဝန်းငယ်လေး တိတ်တဆိတ် ဖြစ်တည်လာတဲ့ ညတာတစ်ခုရဲ့အလယ်အပိုင်းအခြား၊ အချစ်နဲ့ ထိတွေ့မိသမျှ အာရုံခံနာဗ်ကြောတိုင်းက ထိလွယ်ရှလွယ်၊ နှလုံးသားချင်း ထပ်တူကျတဲ့ တအုံ့နွေးနွေး ခံစားချက်တိုင်းဟာ ရာသီဥတုကြောင့်ချည်းသက်သက်တော့ မဟုတ်ခဲ့ရ...။
ကြယ်မှုန်လေးတွေ မှိန်ဖျော့ဖျော့ ခြယ်မှုန်းနေဆဲ မဟူရာကောင်းကင်ကြီးအောက် မီးပျက်တဲ့ညတစ်ညရှိခဲ့ပြီး ကန့်သတ်ခံထားရတဲ့ ချစ်ခြင်းတွေကို ပျော်ရွှင်မှု တချို့တစ်ဝက်နဲ့ လွတ်လပ်စေတယ်။ သို့ပေမယ့် အမှောင်ထုဟာ ထိုချစ်ခြင်းတွေကို အဆုံးထိတိုင် ဖုံးကွယ်ပေးနိုင်စွမ်းတော့ မရှိခဲ့ဘူးတဲ့။
.
.
.
"တက်သစ်ကြူး.... နင် အဲ့ဒါဘာလုပ်နေတာလဲ"ဒေါသတကြီး ခပ်ကြိတ်ကြိတ် မာန်မဲရေရွတ်သံကို
ကြားရအပြီးမှာမှ ပတ်ဝန်းကျင်ရဲ့ပြောင်းလဲနေမှုကို သတိပြုမိတော့ နောက်ကျသွားခဲ့ပြီ။ ကျွန်တော်နဲ့ ကြူးရှိနေတဲ့ ပုဏ္ဍရိက်ပန်းရုံလေးဆီ ဦးတည်ထားတဲ့ အလင်းရောင်တစ်စက အန်တီကြူရဲ့ လက်ပိန်ပိန်လေးဆီကနေ လာနေတာ...။လင်းနို့တစ်ကောင်ရဲ့ အတောင်ပံနဲ့ အကြားအာရုံမျိုးမရှိတဲ့ လူသားတွေအတွက်တော့ အန္တရာယ်ဆိုတာ ကြိုတင်ရှောင်ရှား၍မရ၊ ကိုယ်တိုင်ကြုံတွေ့ပြီးမှ ရင်ဆိုင်ရတဲ့ အရာမျိုးဖြစ်ပြီး ကျွန်တော်နဲ့ ကြူးလည်း ထိုနည်းတူစွာပဲ။ အံ့အားသင့်ထိတ်လန့်မှုကြောင့် တဆတ်ဆတ် တုန်ရီနေတဲ့ အမေတစ်ယောက်ရဲ့ လက်တစ်ဖက်ကို ထိတ်လန့်တုန်လှုပ်နေတဲ့ နှလုံးသားတစ်စုံနဲ့ ငေးကြည့်ရင်းပဲ ကြူးကို တွန်းပစ်ခဲ့မိပြီး ကျွန်တော့် သဘောအတိုင်း အလိုက်သင့် ခပ်လှမ်းလှမ်း ရောက်သွားပေးတဲ့ သူ့ခြေလှမ်းတွေကို မြင်နေရတာကတော့ ဝဋ်ကြွေးတစ်ခုပဲ....။
အန်တီကြူ ဒေါသထွက်ပြီး လာရိုက်မယ်ဆိုလည်း
ခံလိုက်မယ်ဆိုတဲ့ အတွေးတစ်ခုနဲ့ စိတ်ကိုအသင့်ပြင်ထားခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ ဒီနေရာကနေ အငွေ့ပျံ ပျောက်ကွယ်သွားချင် စိတ်တွေဝင်လာတော့ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ
ဖြစ်မိပြီး ကြူးကိုလည်း အားနာခဲ့ရ၏။ ကာကွယ်ပေးမယ်လို့ ပြောထားဖူးတဲ့ စကားလေးတစ်ခွန်းရှိခဲ့ပါလျက် အကာကွယ်ခံဖို့ပင် သတ္တိမဲ့နေတဲ့ စိတ်အခြေအနေနဲ့ ကျွန်တော့်ကြောင့် ကြူးကိုပါ အခက်မတွေ့စေချင်ဘူး...။
YOU ARE READING
ကြူး(KYUU)
Romanceအိပ်မရတဲ့ ရက်များစွာကို အိပ်မက်တွေက အသက်ဆက်ပေးနေခဲ့တယ် ခြယ်လှယ်သူကတော့ ကြူး ဖြစ်ကြောင်း... အိပ္မရတဲ့ ရက္မ်ားစြာကို အိပ်မက်တွေက အသက်ဆက်ပေးနေခဲ့တယ် ခြယ်လှယ်သူကတော့ ကြူး ဖြစ်ကြောင်း... Own Creation By Han_Me