Part 26(Unicode)

2.1K 238 21
                                    

ပွမ်...ပွမ်...ပွမ်...ပွမ်...

အဆက်မပြတ်မြည်နေသော ကားဟွန်းသံကြောင့်
ကျွန်တော်ရော၊ကိုငယ်ပါ ကာတွန်းစာအုပ်အဖတ်ရပ်ကာ
အိမ်ရှေ့လှမ်းကြည့်မိသည်။ အပေါ်ထပ်ဝရန်တာတွင် ထိုင်နေကြခြင်းဖြစ်သောကြောင့် ခြံဝ၌ ထိုးဆိုက်လိုက်သော
Light truckကားအဖြူလေးထံမှ လှုပ်ရှားမှုများကို
အပေါ်စီးမှ ထင်ထင်ရှားရှား မြင်နေရပြီး ကားပေါ်က
အလျှိုလျှို ဆင်းလာကြသော လူများကလည်း ကျွန်တော်တို့၏ အာရုံကို ဖမ်းစားထားသည်။

အချိန်အားဖြင့် နေ့လည်သုံးနာရီ...။

ထိုအချိန်က ရန်ကုန်မြို့တွင်းသို့ ရေပက်ခံထွက်ကြသော ဖေဖေတို့အဖွဲ့၏ နေ့လည်ခင်းအနားယူချိန်ဖြစ်ပြီး ကျွန်တော်တို့အတွက်ကတော့ စိတ်ညစ်စရာကောင်းသော အချိန်များ၏ အစပျိုးခြင်းပင်ဖြစ်သည်။ ဘယ်အချိန်ကတည်းက အိမ်ပြင်ထွက်သွားမှန်းမသိသော မေမေ့ကို ကားဦးပိုင်းတွင် ရပ်နေသည့် ဖေဖေ့အနားတွင် တွေ့ရသည်။ ထို့နောက်မှာ ဖေဖေ့ညွှန်ကြားချက်အတိုင်း
သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်များကို တစ်ယောက်မကျန် နှုတ်ဆက်ရသည်။ နှုတ်ဆက်ရာတွင်လည်း ရိုးရိုးနှုတ်ဆက်ရခြင်းမဟုတ်။

အရက်နံ့ လှိုင်လှိုင်ထနေမည့် အမူးသမားများကို ရေတစ်ခွက်စီလိုက်လောင်းပြီး မေမေကိုယ်တိုင်လည်း ထိုအမူးသမားများထံမှ ရေအလောင်းခံခြင်းဖြင့် ဖေဖေ့ဂုဏ်ကို မြှင့်တင်ပေးရခြင်း...။

ဘာဂုဏ်လဲဆိုတော့ သူပြောသမျှကို တစ်သွေမတိမ်း နာခံတတ်တဲ့ မယားအလိမ္မာရထားတယ်ဆိုတဲ့ ဂုဏ်မျိုး...။ ကျွန်တော်သာ ဖေဖေ့နေရာမှာဆိုရင် ကိုယ့်မိန်းမကို တခြားယောကျ်ားတွေ(အထူးသဖြင့် ကိုယ့်ခန္ဓာတောင် ကိုယ်မနိုင်ဘဲ ယိုင်နဲ့နေတဲ့ အမူးသမားတွေ) ရေဝိုင်းလောင်းကြတဲ့ အဖြစ်မျိုး အရောက်ခံမှာမဟုတ်ဘူး။

မေမေကတော့ အလိုက်အထိုက်ပဲလား၊ ဒါမှမဟုတ် သူကိုယ်တိုင်ကိုက လူမှုရေးစိတ်ဓာတ် ပြည့်ဝနေသလားမသိ။ ရေလောင်းရမယ်ဆိုတော့လည်း ခပ်ပြုံးပြုံး၊ သူက အလောင်းခံရတော့လည်း ခပ်ပြုံးပြုံး။ တစ်ခါတစ်လေကျတော့ ကျွန်တော့်မှာ ဖေဖေ့ကို စိတ်တိုရမလား။ ဖေဖေပြောသမျှ လိုက်လုပ်တတ်တဲ့ မေမေ့ကို စိတ်တိုရမလားနှင့် အဆုံးသတ်ကျတော့ ကိုယ့်ကိုယ်ကိုယ် အလိုမကျစိတ်တွေသာ ပိုများလာရတော့သည်။ အမှန်တော့လည်း ကျွန်တော် တကယ်စိတ်တိုရမှာက ကိုယ့်ကိုယ်ကိုယ်ပါ။

ကြူး(KYUU)Where stories live. Discover now