Part 44(Unicode)

2.1K 258 67
                                    

ည.....သာမန်ညလေးတစ်ညကဲ့သို့ မဟူရာကောင်းကင်မှာ ကြယ်စုံနေသော်လည်း မတိတ်ဆိတ်။ စကားပြောသံတွေ၊ အားပါးတရ ရယ်မောလိုက်သံတွေ၊ ဝမ်းနည်းငိုကြွေးသံတွေနဲ့ သည်ညဟာ နေထွက်လာချိန်အထိ တိတ်ဆိတ်ခြင်းများကို စုပ်ယူထားမည့် ညတစ်ညဖြစ်သည်။ တစ်နှစ်တစ်ခါ ရောက်လို့လာတဲ့ ထိုညလေးက ဘဝပေါင်းများစွာကို မတူညီသော လမ်းအသီးသီးပေါ် ပစ်တင်​ပေးလိုက်သည့် အပြောင်းအလဲကြီးနှင့်....။

ယခင်နှစ်တုန်းကတော့ ထိုညလေးကြောင့်
ကိုငယ်၊ကိုထွန်းတို့ မိသားစုထံမှာ ဆဲဆိုသံတွေ ဝေခဲ့ရသည်။ကျွန်တော့်အလှည့်တော့ ဘယ်လိုလာမလဲမသိ။ မေမေ၊မေကြီးနှင့် မမခိုင်တို့ကတော့ စာမေးပွဲဖြေပြီးကတည်းက လုပ်လိုက်ရတဲ့ ယတြာ။ ဗေဒင်ဆရာက သူပေးထားတဲ့ ယတြာတွေကိုသာ မှန်မှန်လုပ်ရင် ခြောက်ဘာသာဂုဏ်ထူးက ပြေးမလွတ်တဲ့။ အပတ်စဥ် ကိုယ့်မွေးနေ့ရောက်တိုင်း သက်သက်လွတ်စားရမယ်ဆိုလို့ ကျွန်တော့်မှာ တနင်္လာနေ့တိုင်း မေမေတို့စိတ်တိုင်းကျ အသီးအရွက်ဟင်းတွေ စားပြနေရသည်ကတစ်မျိုး။

"ဖြေတဲ့သူက ဖြေခဲ့ပြီးပြီ။ စာဖြေတဲ့ကျောင်းသားနဲ့ အမှတ်ခြစ်ဆရာမတွေ လက်ထဲမှာ မူတည်နေတဲ့ အဖြေလွှာက​ ယတြာတွေကြောင့်သာ ပြောင်းလဲရမယ်ဆိုရင် ကျောင်းသားတွေ အပင်ပန်းခံပြီး စာကျက်နေစရာ မလိုတော့ဘူး"လို့ ကျွန်တော် စောဒကတက်မိတိုင်း မေကြီးကလည်း သူ့အထင်အမြင်များနှင့် ပြန်ချေပမြဲ။

"မောင်မင်းကြီးသားလေးရဲ့...လူဆိုတာ
မျက်စိမှောက်တတ်တယ်။ အမှားကို အမှန်​မြင်၊ အမှန်ကို အမှားမြင်ဆိုတာတွေ မဖြစ်အောင် ကာကွယ်ပေးတာ မေကြီးတို့က။ အမှန်ကို အမှားမြင်တော့ အမှတ်က မလျော့သင့်ဘဲ လျော့တယ်။အမှားကို အမှန်မြင်တော့... အဟင်း... အမှားကိုအမှန် မြင်ရင်တော့ ကောင်းတာပေါ့။ အဲ့လိုကတော့ များများမှောက်၊ များများမြင်။"

"မေကြီးကတော့ တရားကျဖို့ကောင်းပါတယ်ဗျာ"

ရယ်သံတွေ ဆူညံခဲ့သော ရက်ပိုင်းများပင် ဖြစ်သည်။
ယခုကျတော့ အိမ်ရှိလူအားလုံးက ကိုယ့်အတွေးနှင့်ကိုယ် တိတ်ဆိတ်ငြိမ်သက်လျက်။ မေမေက အပေါ်ထပ်ဘုရားဆောင်မှာ ပုတီးစိပ်နေပြီး မေကြီးနှင့် မမခိုင်တို့ကတော့ အောက်ထပ်မှာ ကျွန်တော်နဲ့အတူတူ လမ်းမပေါ်က အသံများကို နားစွင့်နေကြသည်။ အမျိုးသမီးသုံးယောက်စလုံးက ကျွန်တော့်အောင်စာရင်းအတွက် ဝိုင်းဝန်းစိတ်လှုပ်ရှားပေးနေသည့်အချိန်မှာ ကျွန်တော့် စိတ်လှုပ်ရှားခြင်းကတော့ အောင်စာရင်းထံတွင် မရှိ။

ကြူး(KYUU)Where stories live. Discover now