Part 13(Unicode)

2.4K 268 19
                                    

"တောင်းတနေက စကားပြောရင် ခပ်စွာစွာနိုင်ပေမယ့် စိတ်ရင်းကောင်းပါတယ်။"

"တောင်းတနေက စကားပြောရင် ခပ်စွာစွာနိုင်ပေမယ့်
စိတ်ရင်းကောင်းပါတယ်။"

"တောင်းတနေက စကားပြောရင် ခပ်စွာစွာနိုင်ပေမယ့်
စိတ်ရင်းကောင်းပါတယ်။"

ထပ်တလဲလဲ ကြားယောင်နေ​မိသော စကားလုံးများအား စိတ်အနှောင့်အယှက်ဖြစ်ကာ သက်ပြင်းချလိုက်မိချိန် ပတ်ဝန်းကျင်သည်ကား ညဥ့်နက်သန်းခေါင်ပင် ဖြစ်နေခဲ့လေပြီ။ အိပ်ချိန်ကျော်မှ မူးရူးပြီးပြန်လာသော ဖေဖေ့ကို အစောပိုင်းကမှ နင်းနှိပ်ပေးပြီး၍ အခန်းသို့ ပြန်လာကာ အားရပါးရအိပ်လိုက်မည်ဟု ကြံစည်မိသော်လည်း ပြတင်းပေါက်က တိုးဝင်နေသော လရောင်သည် ကျွန်တော့်စိတ်ကို အစိုးမရဖြစ်စေခဲ့သည်။ ထို့အပြင် ကြူးကပါ အတွေးထဲသို့ ဝင်ရောက်နှောင့်ယှက်လာသောအခါ၌ ကျွန်တော့်မှာ အိပ်ချင်လျက်နှင့် အိပ်မရ ဖြစ်လေတော့၏။

နိုးတစ်ဝက်၊ အိပ်တစ်ဝက် ဖြစ်နေရင်းကြားမှ ပုံရိပ်ယောင်ထဲတွင် တွေ့လိုက်ရသော အပြာရိပ်ရောင်လေးက ကျောပေးထားရာမှ ကျွန်တော့်ဘက်သို့ လှည့်လာခဲ့သည်။ မျက်တောင်ကလေးများ ခပ်စိပ်စိပ်ပေါက်လျက် ရှိသောကြောင့် အစဥ်သဖြင့် မည်းနက်နေတတ်သော မျက်ဝန်းလေးက ကျွန်တော့်ကို စိမ်းညှို့ညှို့ဖြင့် ငေးစိုက်ကြည့်နေခဲ့သည်။

ကြူးတစ်ယောက် မတ်တပ်ရပ်နေသော ပတ်ဝန်းကျင်သည် ကျွန်တော်နှင့် ရင်းနှီးနေသော ပတ်ဝန်းကျင်တစ်ခု ဖြစ်ပါ၏။ သို့သော်လည်း ထိုပတ်ဝန်းကျင်သည် ရှစ်တန်းဆောင်ရှေ့တွင် ပင်လော၊ နောက်ဖေးလမ်းကြားရှေ့တွင်ပင်လော ဟူ၍တော့ မသဲကွဲခဲ့ရ...။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့်မျက်လုံးထဲတွင် ကြူးရဲ့မျက်နှာကိုသာ ထင်ထင်ရှားရှားမြင်နေခဲ့ခြင်းကြောင့် ဖြစ်သည်။

နှစ်ယောက်အတူ မျက်နှာချင်းဆိုင်လျက် အချိန်အကြာကြီး မတ်တပ်ရပ်နေခဲ့ပြီးမှ ကြူးက စကားပြောလာသည်။ မည်းနက်နေသော မျက်ဝန်းများကမူ အစောပိုင်းမှာကဲ့သို့ မကျေမနပ် ဖြစ်နေပုံမပေါ်တော့ဘဲ ဝမ်းနည်းရိပ်များ သမ်းနေခဲ့သလိုပါ။

ကြူး(KYUU)Where stories live. Discover now