Part 4(Unicode)

3.6K 373 34
                                    

"သားလေး ထတော့လေ။ ရှစ်နာရီထိုးနေပြီ။"

"ဟင်...အင်း...။ အစောကြီးရှိသေးတယ်လေ မေမေကလည်း။"

"သားပဲ ရှစ်နာရီလာနှိုးဆို။ အောင်စာရင်းသွားကြည့်မလို့ဆိုပြီး မနေ့က ပြောပြီးတော့။ "

အောင်စာရင်း။ ဟုတ်သားပဲ အောင်စာရင်း။

အောင်စာရင်းဆိုသော အသံကြားမှ အလူးအလဲ ကောက်ထရသည်။  လေးပင်နေသော မျက်ခွံများကို အားတင်းဖွင့်နေစဥ်၌ အတွေးအချို့ကလည်း ခေါင်းထဲသို့ လျှပ်တပြက် ဝင်လာပါသည်။

ယနေ့သည် နှစ်ဆန်းတစ်ရက်နေ့ဖြစ်သောကြောင့်
သင်္ကြန်လေးရက်သည်ကား မြို့ပေါ်မှဖြတ်ပျံသော လေယာဥ်ပျံကဲ့သို့ အသံသာကြားပြီး ကိုယ်ထည် မမြင်လိုက်ရသော အနေအထားမျိုးဖြင့် ခပ်မြန်မြန်ပင် ပြီးဆုံးသွားရှာသည်ဟူသော အတွေးက တစ်မျိုး။

နွေရာသီကျောင်းပိတ်ရက်များကို မနေ့တစ်နေ့ကမှ စတင်ခံစားရခြင်း ဟူ၍ စိတ်က ထင်နေမိသော်လည်း ကျောင်းပိတ်ရက်များသည်ကား အိမ်ရှေ့ရေမြောင်းထဲတွင် လွှတ်ချလိုက်သော စက္ကူလှေကလေးကဲ့သို့ မျက်စိတဆုံး မရောက်ခင်မှာတင် ရေစိမ့်ဝင်လာကာ တစ်စထက် တစ်စ ပျော့ဖတ်ပြိုလဲ၍ ပျက်စီးသွားရ​လေသော အချိန်ကာလလောက်ပင် မကြာလိုက်ပါလား ဟူသော အတွေးက တစ်မျိုးဖြင့် ရင်ထဲတွင်လည်း ဟာတာတာရှိရသည်။

တစ်ကိုယ်ရည်တစ်ကာယ ကိစ္စများကို လုပ်ဆောင်ပြီးချိန်၌ အချိန်က ကိုးနာရီမတ်တင်းဖြစ်နေလေပြီ။ အိမ်ကနေ ကိုးနာရီ ထွက်မည်ဟု ချိန်းထားသောကြောင့် မနက်စာစားရင်း ကိုထွန်းတို့ ညီအစ်ကို ရောက်အလာကိုသာ စောင့်ရတော့သည်။

"တတရေ။ တတ။ ပြီးပြီလား။ သွားမယ်လေ။"

ကိုငယ့်ရဲ့ ခပ်စူးစူးအသံကို ကြားသည်နှင့် အလိုလို မဲ့ရွဲ့မိသွားသည်။ ကျွန်တော် စောင့်နေတာကပဲ ကြာလှရှိပြီလေ။ သူတို့ညီအစ်ကိုက အခုမှရောက်လာပြီး ကျွန်တော့်ကို စောင့်ရလို့ စိတ်မရှည်ပုံမျိုးနဲ့ အော်ခေါ်နေခဲ့သည်မို့ ​စိတ်တိုသွားခဲ့သော်လည်း အမှတ်သညာ မကြီးသော ကျွန်တော်ကတော့ အပြင်သို့အရောက်၌ ပြုံးပြုံးရွှင်ရွှင် ပြန်ဖြစ်သွားခဲ့သည်သာ။

ကြူး(KYUU)Where stories live. Discover now