Part 16(Unicode)

2.3K 268 20
                                    

၂၀၀၆ခုနှစ်၊ ဇွန်လ တစ်ရက်၊ ကြာသပတေးနေ့။

ရှစ်တန်းကျောင်းသားတစ်ယောက်အဖြစ် စတင် တက်ရောက်ရမည့် ပထမဆုံး ကျောင်းဖွင့်ရက်ဖြစ်သည်။ သည်စာသင်နှစ်အတွက် ရရှိလာသော ခံစားချက်များကမူ ယခင်နှစ်များကနှင့် မတူညီဘဲ တစ်မူ ထူးခြားနေပေ၏။

ဤသည်မှာ

ကျောင်းတွင် အတန်းအကြီးဆုံးကျောင်းသားတစ်ယောက် ဖြစ်လာ၍လား။

သို့တည်းမဟုတ်....

အိုမင်းဟောင်းနွမ်းနေသော ကျောင်းကလေးအား စွန့်ခွာရန် ပြင်ဆင်နေခဲ့သော နှစ်ကာလ၏ ခြေလှမ်းအစပင် ဖြစ်နေ၍လား။

မည်သို့ပင်ဆိုစေကာမူ အသစ်အသစ်သော ခြေရာများကို
ကာလရှည်ပေါင်းများစွာတိုင် ထမ်းပိုးထားခဲ့သော လျှောက်လမ်းကျဥ်းကလေးသည်ကား မည်သည့်နေရာကိုမှ ရွေ့လျားသွားနိုင်လိမ့်မည်မဟုတ်။  သူ့နေရာတွင်သာ အမြဲတစေ ကျန်ရစ်နေခဲ့ဦးမည်သာ။

သတိရလျှင် လာကြည့်နိုင်သည့် ၊လွမ်းမိလျှင် ချက်ချင်း အလွမ်းဖြေနိုင်သည့် အကွာအဝေးတွင် ရှိနေခဲ့သည်မို့
ကျွန်​တော်ကတော့ ကျောင်းတော်ကြီးထက်စာလျှင် မတူညီသော အသက်အရွယ်များရှိ ကျောင်းသားဘဝများကိုသာ ပို၍ တမ်းတချင်နေမိခဲ့သည်။

ခြောက်တန်းဆောင်မှ အရင်ဖြတ်ရသောအခါ၌ ဘေးတွင် ပါလာခဲ့သော ကိုငယ်က သူ စာသင်ခဲ့ဖူးသော အတန်းကလေးကို မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ငေးမောကြည့်လာခဲ့သည်။ အဝေးတွင် မှုန်ဝါးကာ ကျန်ရစ်ခဲ့သော အတန်းငယ်လေးသည်ကား "ငါလည်း လူသစ်တွေနဲ့ အဆင်ပြေနေတာမို့ မင်းလည်း အတန်းသစ်မှာ ပျော်ပျော်နေပါ" ဟူ၍ ပြောချင်နေခဲ့သည့်အလား ကျောင်းသားအသစ်ကလေးတွေနှင့် စည်ကားနေခဲ့ပါသည်။

"နောက်နှစ်ဆို ပျင်းစရာကြီးကွာ။ ဒီကျောင်းမှာ
ငါတစ်ယောက်တည်း ကျန်ခဲ့တော့မယ်။"

"အရင်နှစ်ကလည်း ကိုထွန်း ကျောင်းပြောင်းသွားတော့ ငါတို့နှစ်ကောင်လုံး ဒီစကားကို ပြောကြသေးတယ်။ ပြီးတော့ ဘယ်လိုမှ မနေတာလည်း အသိသာကြီး။ မင်း ဘယ်သူ့ကို လာဖြီးချင်နေတာလဲဟင် ကိုငယ်...."

ကြူး(KYUU)Where stories live. Discover now