Zawgyi
ဒီနေ့ဆေးရုံအုပ်ရဲ့မွေးနေ့ဖြစ်တာမို့ ဆေးရုံကဆရာဝန်တွေက အချင်းချင်းခေါင်းချင်းဆိုင်ကာ ဂျူတီချိန်တွေညှိပြီး ညနေမွေးနေ့ပွဲကိုသွားမယ့်အဖွဲ့နဲ့ ဆေးရုံမှာပဲကျန်နေခဲ့မယ့်အဖွဲ့ခွဲရန်တိုင်ပင်နေကြလေသည်။ ရိပေါ်တို့အဖွဲ့ကိုတော့ guardianကအားလုံးလာခဲ့ရမယ်လို့မှာထားတာမို့ မနက်ပိုင်းဂျူတီကိုပိုယူပေးပြီး ညနေ၅နာရီလောက်ရောက်မှ ပြင်စရာရှိတာပြင်ဖို့ အိမ်ပြန်ကြရသည်။
ရိပေါ်ကဘတ်စ်ကားနဲ့ပြန်ရတာမို့ အိမ်ကိုရောက်တဲ့အချိန်နဲ့ ပွဲစချိန်ကအရမ်းကပ်နေတော့ ရေအမြန်ဝင်ချိုးကာ ပေါ့ပေါ့ပါးပါးဖြစ်လောက်မယ့် အဝတ်အစားကိုသာရွေးဝတ်လိုက်သည်။
မျက်နှာကိုနို့ရည်ပါးပါးလိမ်းကာ လည်ဂုတ်နဲ့လက်ကောက်ဝတ်နှစ်ဖက်ကို ရေမွှေးအနည်းငယ်စွတ်ပြီးတာနဲ့ ရိပေါ်ရဲ့ပြင်ဆင်ခြယ်သခြင်းကဏ္ဍပြီးဆုံးသွားပြီမို့ taxiငှါးပြီး ပွဲကျင်းပရာဟိုတယ်ဆီကိုထွက်လာလိုက်တော့သည်။
ပွဲကိုရောက်တော့ ဆွန်းယွန်းတို့ကရောက်နှင့်နေကာ ရိပေါ်ကိုမြင်တာနဲ့ထိုင်နေရာကနေ လက်လှမ်းပြတာမို့ စားပွဲမှာဝင်ထိုင်လိုက်ကာ ဟိုအကြောင်းဒီအကြောင်းရောက်တတ်ရာရာ ပြောနေလိုက်ကြသည်။
ဒီနှစ်မှ ဆေးရုံအုပ်ကဘာတွေသဘောကောင်းနေတယ်ရယ်မသိ၊ ပွဲအစပိုင်းလောက်ပဲနေပြီးတာနဲ့ အားလုံးကိုလွတ်လွတ်လပ်လပ်နေနိုင်ကြောင်းပြောပြီး အခန်းတစ်ခန်းယူပြီးသွားနားတော့သည်။
ခုနကအထိတိတ်ဆိတ်ငြိမ်သက်နေတဲ့ပွဲက အခုမှစကားသံတွေ၊ သီချင်းသံတွေနဲ့ဆူညံလာပြီး ဘေးမှာထိုင်နေတဲ့မင်ဟောက်တို့ကလည်း ထိုင်ခုံကနေထသွားကာ အခြားဝိုင်းကဆရာဝန်မလေးတွေနဲ့စကားလက်ဆုံကျနေတာမို့ အရှေ့မှာရှိတဲ့လိမ္မော်ရည်ခွက်ကိုသောက်ရင်း ဟိုဟိုဒီဒီလိုက်ငေးနေလိုက်သည်။