Zawgyi
"ရှောင်းဝမ် ဘယ်တုန်းထဲက မုန်လာဥနီစားတတ်သွားတာလဲ.."
အပြင်က ပြန်ရောက်လာထဲက သိသိသာသာ မျက်နှာမကောင်းဖြစ်နေတဲ့ရှောင်းဝမ်က ထမင်းစားတော့လည်း ပဲကြာဆံသုတ်ထဲမှာပါတဲ့ မုန်လာဥနီတွေကို မဖယ်ထုတ်ပဲစားနေတာမို့ သူမလှမ်းမေးလိုက်တော့မှ သတိပြန်ဝင်လာပုံရကာ
"အာ.. အင်း ဟုတ်တယ် ဒီတိုင်း ... နည်းနည်းလောက်စားကြည့်ချင်လို့"
ရှောင်းဝမ်လိမ်ပြောတဲ့အခါ လုပ်တတ်တဲ့အကျင့်အတိုင်း မျက်ဆံလေးတွေဟိုဒီကစားရင်း မျက်တောင်တွေကိုတဖျက်ဖျက်ခတ်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေလာတာမို့ ခေါင်းအသာခါရင်း ဘာမှဆက်မေးမနေတော့ပဲ ထမင်းသာဆက်စားနေလိုက်တော့သည်။
တီးးးတောင်.....
"ရတယ်ကျဲ ကျွန်တော်သွားဖွင့်လိုက်မယ်"
ထမင်းစားနေရင်း အိမ်ရှေ့ကဘဲလ်တီးသံကြားလိုက်ရတာမို့ သွားဖွင့်ပေးဖို့ပြင်နေတဲ့ကျဲကိုတားကာ ရိပေါ်ပဲ အမြန်ထသွားလိုက်သည်။ ပုံမှန်ဆို ရိပေါ်ဆီကို ဧည့်သည်မလာတတ်တာမို့ တွေးစစဖြင့် တံခါးကိုဖွင့်လိုက်တော့ စီနီယာလီဖြစ်နေလေသည်။
"စီနီယာလီက ဘယ်လိုဖြစ်ပြီး ..."
လက်နှစ်ဖက်က စားစရာတွေမနိုင်မနင်းသယ်ထားတဲ့ စီနီယာလီဆီက အထုတ်အချို့ကို ကူဆွဲပေးရင်းမေးလိုက်တော့ စီနီယာလီက ခပ်ပြုံးပြုံးဖြင့် အိမ်ထဲကိုဝင်လာတာမို့ ရိပေါ်လည်း ကြောင်တောင်တောင်ဖြင့် အနောက်ကနေ လိုက်သွားမိသည်။
"အာ ...ဧည့်သည်ရောက်နေတာပဲ.. ကိုယ်အသိမပေးပဲ လာမိသလိုဖြစ်သွားရင် ဆောရီး"
"ရှောင်းဝမ်ရဲ့အမ ရွှမ်းလုပါ ...ဒီက ရှောင်းဝမ်ရဲ့စီနီယာ လီဝမ်ဟန်ဆိုတာထင်တယ်"
ဆိုဖာမှာ ဝင်ထိုင်ကာနီးမှ ထမင်းစားခန်းထဲက ထွက်လာတဲ့ကျဲကိုမြင်ပြီး အားတုံ့အားနာဖြင့် ပြောလာတဲ့စီနီယာလီက ကျဲရဲ့စကားကြားတော့မှ ခေါင်းညိတ်ပြရင်း ဆိုဖာမှာဝင်ထိုင်လေသည်။