Zawgyi
"မင်းပြန်သွားပြီးထဲက ငါဒီနေရာလေးမှာ မင်းကို အမြဲလာစောင့်နေကျ ... မင်းဒီကို ပြန်လာမယ်ဆိုတာကို ငါ့စိတ်ထဲက အလိုလိုကိုသိနေတာ.. ထူးဆန်းတယ်မဟုတ်လား"
ပါးချိုင့်လေးတွေထင်းနေအောင်ရယ်ပြရင်း ငယ်ပေါင်းတွေလို ရင်းရင်းနှီးနှီးစကားဆိုလာတဲ့ကောင်လေးကိုကြည့်ပြီး ရှောင်းကျန့်ကြောင်အနေမိတုန်း။
အခု ရှောင်းကျန့်အရှေ့မှာ ရှိနေတာက သူငယ်ငယ်ထဲက တွေ့ချင်လွန်းလို့ လိုက်ရှာနေတဲ့ သူ့အသက်ကို ကယ်ခဲ့တဲ့ကောင်လေးပေါ့။ တကူးတကလိုက်ရှာနေတုန်းကတော့မတွေ့ပဲ ဘာလို့အခုမှ ပေါ်လာရတာလဲ။
ဒီကောင်လေးနဲ့တွေ့ရရင် သူ့စိတ်ထင်အရမ်းပျော်မယ်လို့ ထင်ထားတာ။ ဘာလို့ဒီလောက် ဝမ်းနည်းစရာကောင်းနေရတာလဲ။
"ငါမင်းကို တောင်းပန်ပါတယ် ... မင်းရဲ့ဟန်းချိန်းလေးကို သေချာမကာကွယ်နိုင်ခဲ့လို့"
ကောင်လေးရဲ့စကားကြောင့် ရှောင်းကျန့်လက်ထဲမှာ အခုချိန်ထိ ဆုပ်ကိုင်ထားမိတဲ့ ဟန်းချိန်းလေးကို ကောင်လေးမမြင်အောင် ဘောင်းဘီအိတ်ထဲ အမြန်ထည့်လိုက်မိသည်။
"မကာကွယ်နိုင်ဘူး ဆိုတာက ဘာကိုပြောချင်တာလဲ"
ဒီဟန်းချိန်းလေးက ဝမ့်ဆီမှာ ရှိနေရတဲ့အကြောင်းရင်းကို ရှောင်းကျန့်ကိုယ်တိုင်လည်း အရမ်းသိချင်နေတာမို့ ဟန်ပင်မဆောင်နိုင်ပဲ မေးလိုက်မိသည်။ ရှောင်းကျန့်ရဲ့အမေးစကားကြားတော့ ကောင်လေးက သက်ပြင်းတစ်ချက်ချကာ
"အင်း.. .ပြောရရင်တော့ အရှည်ကြီးပဲ ... တကယ်တော့ မင်းနဲ့တွေ့ခဲ့တဲ့နေ့က ငါ့အမေအပြင်းဖျားနေလို့ ငါ့ကို ဟိုဖက်ရွာက ဆရာဝန်သွားပင့်ခိုင်းတာ.. ဒါပေမယ့် လမ်းမှာငါက လျှိုထဲပြုတ်ကျတော့မယ့် မင်းကိုကယ်နေတာနဲ့ အချိန်ကြာသွားပြီး ဆရာဝန်အိမ်ကိုရောက်တဲ့အချိန်မှာ ငါ့အမေက အသက်မရှိတော့ဘူးလေ"