Zawgyi
ရှောင်းကျန့်အိမ်ပြန်ရောက်ထဲက အခန်းထဲမှာဟိုဖက်လျှောက်လိုက် ဒီဖက်လျှောက်လိုက်ဖြင့် မားနဲ့ပါးကိုဘယ်လိုပြောရမလဲစဉ်းစားနေမိသည်။ ဝမ့်နာမည်ကြားလိုက်တာနဲ့ ရှောင်းကျန့်ဘာလို့လိုက်ခဲ့မယ်ဆိုပြီး ချင်းချင်းကိုကတိပေးမိလိုက်မှန်း ကိုယ့်ကိုယ်ကိုပင်နားမလည်ပေ။
ဒါပေမယ့် တကယ်လို့ ရှောင်းကျန့်ငြင်းလိုက်ပြန်ရင်လည်း အခုချိန်နောင်တနေမိမှာအမှန်ပင်။ ဘာပဲဖြစ်ဖြစ် ဒါဟာ ဝမ်နဲ့နီးစပ်ဖို့ ဒါမှမဟုတ် ဝမ်နဲ့ပတ်သတ်ပြီး ပိုပြီးလေ့လာနိုင်မယ့်အခွင့်အရေးလည်းဖြစ်တာမို့ ရှောင်းကျန့်ပါးနဲ့မားကို ရအောင်ပြောကြည့်ဖို့ဆုံးဖြတ်ကာ အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။
"ပါးနဲ့မားကို သားပြောစရာရှိလို့"
ဧည့်ခန်းထဲမှာတီဗီကြည့်နေတဲ့ ပါးနဲ့မားဘေးဝင်ရပ်ကာ ပြောလိုက်တော့ ပါးကထိုင်ဆိုတဲ့သဘောဖြင့်မေးဆတ်ပြတာမို့ ဆိုဖာမှာဝင်ထိုင်ကာ
"ကျိုးချန်ရဲ့ညီမဟွေ့ချင်းက ဆေးရုံတစ်ခုမှာhouse surgeonဆင်းနေတာ ပါးနဲ့မားသိတယ်မဟုတ်လား"
"သိတယ်လေသားရဲ့ အဲ့တာဘာဖြစ်လို့လဲ"
ပါးကခပ်ပြုံးပြုံးဖြင့်မေးလာတာကြောင့် ရှောင်းကျန့်အားတက်သွားကာ
"အဲ့တာ သူတို့အဖွဲ့ကလော့ဖင်းကိုသွားပြီး လက်တွေ့ဆင်းရမှာဆိုတော့ သားကိုသူတို့အဖွဲ့ရဲ့documentryကိုရိုက်ပေးဖို့ အကူအညီတောင်းလို့"
"မသွားရပါဘူး...ဒီလောက်ဝေးတာကို မားခွင့်မပြုနိုင်ဘူး"
စကားဆုံးတာနဲ့ ခပ်ပြတ်ပြတ်ဝင်ပြောလိုက်တဲ့မားရဲ့အဖြေကိုကြိုသိနေတာမို့ စစ်ကူတောင်းတဲ့အနေနဲ့ ပါးကိုလှမ်းကြည့်လိုက်တော့ ပါးကနားလည်တယ်ဆိုတဲ့သဘောခေါင်းညိတ်ပြကာ
"သားက သွားချင်လို့လား"
"ရှောင်းဝေ ရှင်ရူးနေတာလား သားငယ်ငယ်ကဘယ်လိုဖြစ်ခဲ့သလဲ ရှင်လည်းသိနေတာပဲ"