Zawgyi
ရှောင်းကျန့် ချင်းချင်းနဲ့စကားပြောပြီးတာနဲ့ စိတ်ကမကြည်လင်တော့တာမို့ ကော်ဖီဆိုင်ကို ပြန်မသွားတော့ပဲ အိမ်ကိုပဲတန်းပြန်လာလိုက်သည်။ ဝမ်က ဘာကိစ္စလီဝမ်ဟန်နဲ့အတူ အပြင်ထွက်သွားရတာလဲ။ ဒီလောက် အတန်တန်မှာထားပါရက်နဲ့ နေ့လည်စာတောင်အတူ သွားစားကြတယ်ပေါ့လေ။
တွေးရင်းနဲ့ ဒေါသထွက်လာတာမို့ လက်မှာကိုင်လာတဲ့ထမင်းဘူးကိုပါ လမ်းထောင့်က အမှိုက်ပုံးထဲကို တစ်ခါထဲပစ်ခဲ့လိုက်ပြီး ကားကိုတစ်ရှိန်ထိုး မောင်းထွက်လာခဲ့လိုက်သည်။အိမ်ကိုပြန်ရောက်ပြီးအတော်ကြာတဲ့အထိ စိတ်ထဲကတနုံ့နုံ့ဖြင့် ထိုင်မရထမရဖြစ်နေတာမို့ စိတ်ပြေလိုပြေငြား အိမ်ရှေ့မှန်တံခါးကနေတစ်ဆင့် လမ်းသွားလမ်းလာတွေကိုကြည့်နေရင်း ကားတစ်စီးက ကွန်ဒိုအောက်မှာရပ်ပြီး အနည်းငယ်ကြာတဲ့အထိ ကားထဲကဘယ်သူမှဆင်းမလာတာမို့ ဘာရယ်မဟုတ် ရပ်ကြည့်နေမိသည်။
ခဏနေတော့ ရှောင်းကျန့်ကြည့်နေတဲ့ကားထဲက ထွက်လာတဲ့သူကြောင့် ရှောင်းကျန့်အံ့သြနေရင်း ကားပေါ်ကဆင်းလာတဲ့ နောက်ထပ်တစ်ယောက်ကြောင့် ရှောင်းကျန့်လက်သီးကိုတင်းခနဲဆုပ်လိုက်မိသည်။
လီဝမ်ဟန်...။ ဝမ်က လီဝမ်ဟန်နဲ့အတူ ပြန်လာတယ်။ အဲ့တာဆို ခုနက ကားရပ်ရပ်ချင်း မဆင်းသေးပဲ ကားထဲမှာဘာလုပ်နေကြတာလဲ။
ဒါမှမဟုတ် ဝမ်နဲ့ လီဝမ်ဟန်က တစ်ခုခုများ... အာ မဟုတ်ဘူး မဟုတ်ဘူး။ ဘယ်လိုလုပ်ပြီး အဲ့ဒီလို ဖြစ်နိုင်မှာလဲ။ ဝမ်က ရှောင်းကျန့်ရဲ့ချစ်သူကောင်လေးပဲကို။
မဟုတ်တဲ့အတွေးတွေကို ခေါင်းထဲကထုတ်ပစ်ပြီး စိတ်ကိုတည်ငြိမ်အောင်လုပ်နေရင်း လီဝမ်ဟန်က ဝမ့်ရဲ့ဆံပင်တွေကိုလှမ်းဖွနေတဲ့မြင်ကွင်းကို မြင်လိုက်တဲ့အခါမှာတော့ ရှောင်းကျန့်တစ်ကိုယ်လုံးရှိသွေးတွေ ဆူပွက်လာသလိုပင် ခံစားလိုက်ရသည်။