Zawgyi
"ရှောင်းဝမ် အခုဘာတွေလျှောက်လုပ်နေတာလဲ"
ဖုန်းကိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ကြားလိုက်ရတဲ့ကျဲရဲ့အသံကိုနားထောင်ရုံနဲ့ ကျဲဘယ်လောက်ထိ သူ့ကိုစိတ်ပူနေသလဲဆိုတာ သူခန့်မှန်းမိသည်။ ကျဲစိတ်ပူမယ်ဆိုလည်း ပူချင်စရာပါပဲ။
ကျဲနဲ့နောက်ဆုံးတွေ့ခဲ့တာက လွန်ခဲ့တဲ့၁ပတ်လောက်က ကျန့်ကောနဲ့သူလက်ထပ်တော့မယ့်အကြောင်း သွားပြီးအသိပေးတုန်းကဖြစ်သည်။ ကျဲက ရိပေါ်အကြောင်းကို သိနေတာမို့ မင်္ဂလာပွဲကိုမလုပ်ဖို့ တားပေမယ့်လည်း ရိပေါ်ကအသိပေးရုံသာမို့ ကျဲရဲ့စကားကိုနားမထောင်ပဲ ကျန့်ကောနဲ့လက်ထပ်ခဲ့ခြင်းပင်။
ထိုနေ့က ပထမဆုံးအနေနဲ့ကျဲက ရိပေါ်ကိုစိတ်ဆိုးသွားပြီး စကားမပြောတဲ့အပြင် လက်ထပ်ပွဲကိုလည်း ရောက်မလာခဲ့ပေ။ ရိပေါ်အတွက် အစစအရာရာမှာစိတ်ပူတတ်လွန်းတဲ့ကျဲက အခုထိ ကျန့်ကောကို အခဲမကျေသေးပုံပင်။
အခုလည်း ကျိုးချန်ကောကနေတစ်ဆင့် ရိပေါ်ရှောင်းအိမ်တော်မှာ လိုက်နေနေတဲ့အကြောင်း သိသွားလို့သာ အခုလို စိုးရိမ်တကြီးဖုန်းဆက်လာပုံရသည်။
"ကျွန်တော်ဒီမှာ အဆင်ပြေတာမို့ ကျဲစိတ်မပူလို့ဖြစ်ပါတယ်"
"ရှောင်းဝမ်အရမ်းပြောင်းလဲသွားတယ်.. ဘာပဲဖြစ်ဖြစ် တစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆို ကိုယ့်ကိုယ်ကို ထိခိုက်စေမယ့်အဖြစ်မျိုးကိုတော့ သတိထားစေချင်တယ်"
ဖုန်းထဲကနေတောင် ရိပေါ်အတွေးတွေကို ရိပ်စားမိနေတဲ့ကျဲကြောင့် ရိပေါ်သက်ပြင်းမောချလိုက်မိသည်။ အခုအခြေအနေရောက်ပြီးမှတော့ ရိပေါ်အတွက် ရွေးချယ်စရာက ရှေ့ဆက်လျှောက်ဖို့တစ်နည်းပဲရှိတော့တယ်။
ကျဲပြောသွားသလို သူ့ရဲ့လုပ်ရပ်က ကိုယ့်ကိုယ်ကိုပြန်ထိခိုက်စေမယ်ဆိုရင်တောင် သူကတော့ဆက်လုပ်ရမှာပဲ။ သူ့အပေါ်ထိပါးခဲ့တဲ့သူတွေကို ပြန်ပြီး လက်တုံ့ပြန်နိုင်ဖို့က ဒီနည်းလမ်းကလွဲပြီး မရှိတော့တာမို့။