Zawgyi
ရှောင်းကျန့်က အရင်လို အလုပ်အကိုင်ရာထူးအတိအကျရယ်လို့ မရှိတော့တာမို့ ကော်ဖီဆိုင်ကအလုပ်တွေကိုသာ ကျိုးချန်နဲ့အတူအားစိုက်လို့လုပ်ဖြစ်သည်။ ကျိုးချန်က တစ်ကိုယ်တည်းသမားမို့ ကော်ဖီဆိုင်ရဲ့အပေါ်ထပ်မှာပဲ နေတာမို့ ကျိုးချန်ရဲ့ကားကို ရှောင်းကျန့်ကအပိုင်စီးထားလေသည်။
ရှောင်းကျန့်နဲ့ဝမ်ကတော့ တစ်အိမ်ထဲအတူနေပြီးတဲ့အချိန်ကစပြီး တစ်ယောက်ခံစားချက်ကို တစ်ယောက်ပိုနားလည်လာသလို ဘာကိစ္စပဲရှိရှိ ပွင့်ပွင့်လင်းလင်းပြောပြီး အချင်းချင်းဖေးမပေးတတ်သည်။
မနက်ပိုင်းတွေဆို ဝမ်ပေါက်စမနိုးခင် ရှောင်းကျန့်ကစောစောထပြီး မနက်စာစားဖို့ပြင်ဆင်ရင်း မကြာခဏ အစာအိမ်နာတတ်တဲ့ကလေးငယ်အတွက် နေ့လည်စာထမင်းဗူးလေးပါပြင်ပေးရသည်။ ချက်ပြုတ်ပြင်ဆင်လို့ပြီးပြီဆိုတော့မှ အိပ်ပုတ်နေတဲ့ဝက်ပေါက်ကလေးကို နှိုးပြီး ရေချိုးခိုင်းရသည်။
ပြီးရင်တော့ နှစ်ယောက်အတူမနက်စာစားရင်း တီတီတာတာလေးတွေပြောကာ ဝက်ပေါက်လေးရဲ့ဆေးရုံကို လိုက်ပို့ပေးပြီးမှ ရှောင်းကျန့်က ကော်ဖီဆိုင်ကို သွားလေ့ရှိသည်။
ညနေစောင်းရင်တော့ ဝမ့်ကိုသွားကြိုရင်း တစ်ခါတစ်ရံ ညဈေးတန်းတစ်လျှောက် လက်ချင်းတွဲလို့ ကလေးငယ်ပူဆာသမျှကို အလိုလိုက်တတ်သလို အနည်းငယ်လူရှင်းတဲ့ လမ်းကြားလေးတွေဆီရောက်ရင်တော့ ရှောင်းကျန့်ပူဆာသမျှကို ကလေးငယ်ကမျက်နှာလေးခပ်ရဲရဲဖြင့် လိုက်လျောပေးရလေသည်။
အလုပ်ကြိုးစားလှတဲ့ ရှောင်းကျန့်ရဲ့မူပိုင်ဆရာဝန်လေးရဲ့အားလပ်ရက်က မရှိသလောက်မို့ ရှားရှားပါးပါး နားရက်ရတဲ့နေ့မျိုးဆို နှစ်ယောက်လုံးနေမြင့်တဲ့အထိအိပ်ပြီး နေ့လည်လောက်ရောက်မှ ကုန်တိုက်ကိုသွားပြီး ဟင်းချက်ဖို့လိုအပ်တဲ့ဟင်းသီးဟင်းရွက်တွေဝယ်ကာ အိမ်မှာပဲနှစ်ယောက်အတူ မီးဖိုချောင်ဝင်ဖြစ်သည်။