[Unicode]
ပေကျင်းကိုလေယာဉ်စိုက်တာနဲ့ အဲ့ဒီလူက သူ့ကို Vipထွက်ပေါက်ကနေအတင်းဆွဲခေါ်လာပြန်တယ်။ အဆင်သင့်စောင့်နေတဲ့ Samကိုပြန်လွှတ်ပြီး သူကိုယ်တိုင်ကားမောင်းလို့ အခုရှောင်းကျန့်ရဲ့ ကွန်ဒိုကိုရောက်နေကြတာဖြစ်တယ်။
" သိပ်ကိုပျော်နေတာလား၊ ကိုယ်ကမင်းရဲ့အလုပ်ရှင်ဆိုတာကို မေ့သွားတာလား ရှောင်းကျန့် "
" အားလပ်ရက်အထိလိုက်ပိတ်ပင်တဲ့ အလုပ်ရှင်ဆိုတာရော ရှိလို့လား CEOဝမ်ရိပေါ် "
အဲ့ဒီလူရဲ့မျက်လုံးတည့်တည့်ကိုစိုက်ကြည့်လို့ ရှောင်းကျန့်ကမေးခွန်းပြန်ထုတ်မိတယ်။ မျက်နှာတစ်ခုလုံးနီရဲနေတဲ့ အဲ့ဒီလူကဘာကိုဒေါသထွက်နေမှန်း ရှောင်းကျန့်တကယ်မသိ။
" အဟွန်း... ကိုယ်တို့entရဲ့ contract မှာမင်းလက်မှတ်ထိုးတုန်းက စာချုပ်မှာပါတဲ့အချက်အလက်တွေကို မေ့သွားတယ်လို့မပြောနဲ့နော် "
ပါရီကနေသူ့ကို ဒေါသတကြီးပြန်ခေါ်လာတဲ့ အဲ့ဒီလူ၊ ခုဏကအထိ မျက်နှာတစ်ခုလုံးပေါက်ထွက်မတက် နီရဲနေတဲ့ လူက အခုတော့ ထိုအရာတွေနဲ့ကွဲလွဲစွာ အတက်အကျမရှိတဲ့ ခပ်တန်းတန်းလေသံနဲ့ဖြစ်သွားပြန်တယ်။ ပြီးတော့နိုင်ကွက်ကိုကျော်မြင်ထားတဲ့ ကစားသမားလို တဖက်လူကိုခနဲ့ပြုံးနဲ့ကြည့်နေသေးတယ်။
" စာချုပ်ကိစ္စက ဘာလို့ပါလာရတာလဲ "
" ဒီလိုဆိုတော့မင်းမမေ့သေးဘူးပဲ၊ စာချုပ်ရဲ့နံပါတ်စဉ် ခုနှစ်မှာ ချစ်သူရည်းစားထားခွင့်မပြုဆိုတဲ့ အချက်ကိုမင်းက ချိုးဖောက်နေတယ်ဆိုတာ ကိုယ်ပြောစရာလိုသေးလား "
ဘာကိုဆိုလိုချင်လဲ သူအခုတော့သဘောပေါက်လာသလိုပဲ။ ထိုလူရဲ့ ခပ်အေးအေးစကားလုံးတွေက ရှောင်းကျန့်နှလုံးသားကို အားပြင်းပြင်းရိုက်ချတယ်၊ သူ့နှလုံးသားကို သူမပိုင် အဲ့ဒီလူကသာပိုင်တယ်။ ဆိုတော့ ပိုင်ရှင်အလိုကျ ရိုက်လိုကရိုက်၊ နာကျင်စေလိုက နာကျင်ပေးရမှာပေါ့။
" ကျွန်တော်ကပါရီမှာ ချစ်သူနဲ့လျှောက်လည်တယ်ဆိုတာကို ခင်များဘာလို့အတိအကျ ပြောနိုင်တာလဲ CEO "
