[Unicode]
ချထားတဲ့ကားမှန်ကနေ ဝင်လာတဲ့ညလေအေးက မျက်နှာနုနုကို ပွတ်သပ်ကျီဆယ်တယ်။ ကားရပ်ထားတဲ့ ဘေးပတ်ဝန်းကျင်က ပိုးစုန်းကြူးမီးရောင်တောင်မရှိ အမှောင်အတိ။ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်က အတွေးဆတွေကို ရှည်စေတယ်။
မချစ်တတ်ခင်တုန်းကတော့ ရှောင်းကျန့်ရဲ့ဘဝက ဝါသနာပါရာကိုလုပ်ခွင့်ရှိတယ်၊ သူ့ကိုချစ်တဲ့ပရိတ်သတ်တွေနဲ့၊ ပျော်ရွှင်မှုနဲ့ပြည့်နေတဲ့ ဘဝကိုပိုင်ဆိုင်ထားတဲ့လူငယ်လေး၊ အဟင်း ချစ်တတ်သွားတော့မှ သောက်တလွဲတွေဖြစ်ကုန်တော့တာပဲ။ အထီးကျန်နေတဲ့ သူ့ဘဝကိုတော့ထည့်မပြောတော့ပါဘူးလေ။
အချိန်အားဖြင့် မနက်သုံးနာရီရှိနေပြီဖြစ်တယ် အတွေးတွေကိုဖြတ်တောက်လို့ ကားကိုတိုက်ခန်းဆီဦးတည်ရပြန်သည်။ မနက်ဖြန်အတွက် schedule တွေရှိသေးတယ်မဟုတ်လား။
" ကျန့်ကျန့် မင်းဘယ်တွေလျှောက်သွားနေတာလဲ! တစ်ယောက်ယောက်ကများ မင်းကိုမှတ်မိသွားရင် ဘယ်လိုလုပ်မလဲ "
" အခုကျွန်တော့်ကို ဘယ်သူကမှမမှတ်မိဘူးလေ "
" အခုတစ်ခါက ကံကောင်းသွားလို့ မမှတ်မိပေမဲ့၊ နောက်တစ်ခါဒီလို ထပ်မလုပ်မိစေနဲ့၊ CEO ကလဲငါ့ကို တစ်မိနစ်တစ်ခါ ဖုန်းဆက်နေတာ "
ရပ်တန့်သွားတဲ့ လှုပ်ရှားမှုတွေက စက္ကန့်ဝက်မျှသာ အကြောင်းပြချက်ကတော့ Sam ရဲ့စကားတွေထဲ CEO ပါလာတာကြောင့်။ ရှောင်းကျန့်ကတော့ ပြောင်းလဲသွားချင်းမရှိတဲ့ မျက်နှာအနေအထားနဲ့ပဲ
" အခု ကျွန်တော်ပြန်ရောက်ပြီဆိုတော့ ခများလဲပြန်လို့ရပြီ "
" ဒါဆို နားလိုက်အုံး၊ မနက်ခြောက်နာရီလာခေါ်မယ် တံခါးပိတ်သွားမှာမို့ ထွက်မလာနဲ့တော့ "
ထွက်သွားတဲ့ သူ့ရဲ့မန်နေဂျာ Samကို တုန့်ပြန်စကားမဆိုမိ။ အာ..သူ့ရဲ့မန်နေဂျာမှမဟုတ်တာ Samက CEOရဲ့လက်ထောက်။ လွန်ခဲ့တဲ့နှစ်နှစ်က သူ့ရဲ့မန်နေဂျာကို အကြောင်းပြချက်မရှိထုတ်ပစ်ခဲ့ပြီး အဲ့ဒီလူ စိတ်တိုင်းကျ Samကိုသူ့ဘေးနားပို့ပစ်ခဲ့တာ။ အခုလဲ သူပြန်ရောက်နေပြီဆိုတာကို ကားပါကင်သွားတဲ့ လမ်းမှာ အစီရင်ခံနေမှာဖြစ်တယ်။