*ဟယ် ထူးထူးခြားခြား..အိမ်တွေဘာတွေ လာလည်နေလို့ပါလား*
အိမ်ထဲဝင်လာသည့်သူအား ဝမ်မားမှာ တအံ့တသြကြည့်နေလေသည်။ ပြုံးရုံသာ ပြုံးပြပြီး ဘေးနား လာထိုင်သည့် ရှောင်းကျန့်က တစ်အိမ်လုံးကိုလဲ ဝေ့ကြည့်သေးသည်။
*ဒီနေ့ အလုပ်မသွားဘူးလား*
*မသွားဘူး..သိပ်နေမကောင်းချင် ဖြစ်နေတာရော၊ ခေါင်းမကြည်တာရောဆိုတော့ အလုပ်သွားရင်လဲ စိတ်ပဲပိုရှုပ်နေမှာ*
*ဟုတ်ပါတယ်လေ..တစ်ခါတစ်လေတော့လဲ အနားယူရမှာပေါ့*
ဝမ်မားမှာ စားပွဲပေါ်မှ သူမစားသောက်ထားသည့် အအေးခွက်နှင့် မုန့်ပန်းကန်အချို့ကို ပြန်သယ်သွားကာ
*နေအုံးနော်..ငါ သားသားကို လွှတ်လိုက်မယ်။ သားသားက အိမ်အနောက်ဘက် ရောက်နေလို့*
*အေးအေး..ရတယ်*
ရှောင်းကျန့် စိတ်မကြည်တာ သုံးရက်မြောက်နေ့တွင် ဘယ်အလုပ်မှ စိတ်မဝင်စားနိုင်ဖြစ်နေ၍ စိတ်ကြည်ရာလေးဆီ လာရ၏။ ချာတိတ်က ဟိုတစ်ခါက အော်လိုက်သည်ကို စိတ်ဆိုးနေပုံရသည်။
ရှောင်းကျန့်နဲ့ မျက်နှာချင်းမဆိုင်မိသည့်အပြင် အိမ်မှာပါမတွေ့၍ အိမ်ကိုမလာဘူးလားဟု မားတို့ကို မေးယူရသည်။ အိမ်ကိုက လာသည်တဲ့ သူအလုပ်က ပြန်လာခါနီးမှ ပြန်ပြန်သွားသည်တဲ့လေ။ ဒါဆို သေချာပေါက် သူ့ကို စိတ်ဆိုးနေသည်ပေါ့။
ထို့ကြောင့် ရှောင်းကျန့် သုံးရက်ေမြာက်နေ့တွင် အလုပ်မသွားပဲ ချာတိတ်တို့အိမ် ရောက်လာရ၏။ ချာတိတ်ကို အရင်က တစ်လလုံးလုံး၊ တစ်နှစ်လုံးလုံး မတွေ့ရတာတောင် ဘယ်လိုမှ မနေသည့်သူက ဒီရက်ပိုင်းလေးမတွေ့ရတာကို စိတ်ထဲမှာ တစ်ခုခုလစ်ဟာနေသလို ခံစားလိုက်ရသည်။ သူ့ကို အိမ်တွင်တောင် ရင်ဆိုင်မကြည့်သည့် ကောင်ငယ်လေးကို သူ လာရှာနေမိ၏။
ဘာလို့ ထိုလိုဖြစ်နေတာလဲဆိုပြီး ကိုယ့်ကိုယ်ကိုလဲ ပြန်စမ်းစစ်ကြည့်တော့ အဖြေက သေချာနေလေပြီ။
*ဟင်..*
အိမ်ပေါက်ဝက လာရပ်သည့် အရိပ်ကလေးသည် ရှောင်းကျန့်ကို မြင်တော့ မတ်မတ်ကလေး ရပ်နေ၏။ မျက်လုံးလေးတွေက ပြူးဝိုင်းကာ နှုတ်ခမ်းလေးက ဟလျက်။ ရှောင်းကျန့် လာမည်ဟု မထင်ထားသည့်ပုံ။
ကိုယ့်ကို ရှောင်ပြေးရတာ သိပ်ကြိုက်သလား ကလေးငယ်။