*ကလေး အိမ်ပေါ်က ဆင်းသွားတာဆို။ ဘာတွေဖြစ်ကြတာလဲ...နင်က အကြီးဖြစ်ပြီး ကလေးကို အဲ့လိုပဲ လက်လွတ်စပယ် ထားလိုက်ရလား*
အိမ်ကို အလောတကြီး ပြန်လာကြသော လျဲ့လီတို့ညီမနှစ်ယောက်သည် ခက်ထန်ကာ တည်တင်းနေသော မျက်နှာနှင့် ထိုင်နေသော ရှောင်းကျန့်၏ ရှေ့တွင်နေရာဝင်ယူသည်။
သူမတို့မေးတာကိုလဲ ဘာတစ်ခွန်းမှ ပြန်မပြောချေ။ ပုံမှန် ရန်ဖြစ်စကားများတာဆို သူမတို့ပင် မသိလိုက်ပဲ ပြီးသွားတတ်ကြသည့် အိမ်ထောင်ရေးလေးက အခုကျ ထိုလိုအခြေအနေမဟုတ်။ ကလေးငယ်က အိမ်ပေါ်က ဆင်းသွားပြီး ရှောင်းကျန့်ကလဲ ဝုန်းဒိုင်းကြဲနေသည်လို့ အဒမ်ဖုန်းဆက်ကထဲက သူမတို့ ပြေးလာခဲ့ရတာ။
သူမတို့မောင်၏ ပုံစံကိုကြည့်သည်နှင့် သာမာန်ထက်ပိုသည့် အဆင်မပြေမှုမှန်း သူမတို့ဘာသာ တပ်အပ်သိလိုက်ရတော့၏။
*ရှောင်းကျန့် အမေလဲ အိမ်မှာမရှိဘူး..ငါတို့ပဲ ရှိတဲ့အပြင် ရိပေါ်လေးဆိုတာ ငါတို့မွေးမှ ငါတို့သားလောက်ပဲရှိတဲ့ကလေး။ ဘယ်လောက်ရန်ဖြစ်နေပါစေအုံး..အဆုံးထိပြောမယ်ဟယ် ဒီကိစ္စက ကလေးဘက်က မှားပါစေအုံး အိမ်ပေါ်က ဆင်းတာကိုတော့ လက်မခံသင့်ဘူး.!*
လျဲ့လီက သွက်သူပီပီ သူမမောင်ကို ခပ်တည်တည် စကားဆိုလိုက်၏။
နီရဲနေသော မျက်နှာ၊ တည်တင်းကာ ပိပိရိရိစေ့ထားသည့် နှုတ်ခမ်းရဲရဲတွေ၊ အံတင်းတင်းကြိတ်ထားသည့် ရှောင်းကျန့်က မေးရိုးတွေ တင်းသည်အထိ။
သူမတို့ပြောဆိုတာကိုလဲ ဘာတစ်ခွန်းမှ မဖြေရှင်း။
*ကလေးကို သွားပြန်ခေါ်လိုက်၊ အစ်မတို့နဲ့လဲ မျက်နှာပျက်စရာတွေဖြစ်တယ်..ကြားလား ရှောင်းကျန့်.!*
လီစု၏ အသံက အမိန့်ပေးသလိုနှင့် တကယ်တမ်းကျ ဖျော့နေ၏။ ဒီအိမ်မှာ အိမ်ထောင်ဦးစီးလို ဖြစ်နေပြီး စည်းကမ်းကျသည့် သူမတို့မောင်ကို သူမတို့လဲ မလွန်ဆန်ရဲပါ။
*နင်တို့မနေနိုင်တာမလား.! နင်တို့သွားခေါ်.!*
ထိုစကားသာပြောပြီး ရှောင်းကျန့်က အိမ်အပေါ်ထပ် ပြန်တက်သွားသည်။ ညီမနှစ်ယောက် မျက်နှာချင်းဆိုင်ကာ ဟင်း ခနဲ သက်ပြင်းချလိုက်၏။ ဘာတွေများ ရိပေါ်လေးက လုပ်မိလို့ ဒီဒေါသကုမ္မာရက ဒီလောက်ထိ စိတ်ဆိုးနေတာလဲ သူမတို့ မတွေးတတ်တော့ပါချေ။