*ရိပေါ်*
ရိပေါ်ရှေ့သို့ ရောက်လာသော အကိုယွမ်။ မျက်နှာတွင် တောင်းပန်မှုတွေအား အတိုင်းသား မြင်နေရလေသည်။ ရိပေါ် ဘေးတွင်ရှိနေသော ဦးသည် ရိပေါ်ကို ဘယ်လိုလုပ်မလဲဆိုသော အကြည့်ဖြင့်။
*ပါးပါးက ကျွန်တော့်ကို လွှတ်လိုက်လို့ပါ*
ရှောင်းကျန့်ကို ကြည့်ကာ ပြောလာသည့် ယွမ်ဖုန်းမှာ မျက်နှာတွင်လဲ နောင်တ တရားတွေကို တွေ့မြင်နေရသည်။ ပါးပါး၏ အလုပ်တွေကို အကုန်လုယူနေသော သူ၊ ရှယ်ယာတွေ ထုတ်သွားသော သူသည် သူနှင့် ရန်စရှိခဲ့ဖူးသော ရှောင်းကျန့်ဆိုသော ထိုဘဲကြီး။
ထိုဘဲ၏ ထောက်ပံ့မှုမရတော့၍ ယွမ်ဖုန်းအဖေ၏ စီးပွားရေးတွေမှာ ကစဉ့်ကလျား။ နောက်မှ သူသိလိုက်သည်က တရုတ်မှာ ရှောင်းကျန့်၏ ထောက်ပံ့မှုမှ မပါရင် ဘာလုပ်လုပ် ရေရှည်မတည်မြဲနိုင်ဘူးဆိုတာပင်။
*ငါ သိပြီးသားပါ*
*ဒါနဲ့ ကျွန်တော် ရိပေါ်နဲ့ နှစ်ယောက်ထဲ စကားပြောလို့ ရမလား*
ရှောင်းကျန့် ရိပေါ်၏ မျက်နှာလေးကို ငဲ့စောင်းကြည့်လိုက်သည်။ မျက်ရည်တွေဝေ့သီကာ ငိုချင်စိတ်ကို ထိန်းထားသော ကလေးသည် စိတ်တွေပွင့်ထွက်သွားမှအခုလိုအခြေအနေက ပြန်ရုန်းထွက်လာနိုင်လိမ့်မည်။
ထို့ကြောင့် ရှောင်းကျန့် အလိုက်တသိပင် ထရပ်ကာ အပြင်ထွက်လာပေးလိုက်သည်။
*ရိပေါ်..ကလေး*
ရိပေါ်၏ လက်ဖျားတွေကို လာဆုပ်ကိုင်ရန် ရည်ရွယ်နေသူအား ငြင်းဆန်သည့် သဘောဖြင့် လက်ကို ပြန်ရုတ်လိုက်သည်။ ထို့နောက် ရိပေါ် မတ်တပ်ထရပ်တော့ အတူတူပင် လာရပ်သည့် ယွမ်ဖုန်း။
*ကိုယ်တောင်းပန်ပါတယ်*
*ဖြောင်း*
ယွမ်ဖုန်း၏ မျက်နှာသည် လည်ထွက်သွား၏။ ရိပေါ်၏ ရိုက်ချက်ကြောင့် ယွမ်ဖုန်း၏ မျက်နှာတွင် လက်ဝါးရာကြီး ထင်ကျန်နေခဲ့သည်။
*ကိုယ် မှားပါတယ်*
*ဖြောင်း*
ဒုတိယအကြိမ်အဖြစ် မျက်နှာ စောင်းငဲ့သွားသူက ယွမ်ဖုန်းပင်ဖြစ်သည်။ ရိပေါ်သည် မလှုပ်မယှက်ဖြင့် ယွမ်ဖုန်းမျက်နှာကိုသာ စေ့စေ့စပ်စပ် ကြည့်နေလေသည်။