မျက်နှာချင်းဆိုင် ထိုင်နေသော လူသုံးယောက်။ သီးသန့် အခန်းနှင့် စားပွဲအား ယူထား၍ ထိုလူသုံးယောက်အား ဝင်နှောင့်ယှက်မည့်သူ မရှိပေ။ စားပွဲပေါ်တွင် ရှိနေသော အရာသည် ရိုက်ကူးမှုတစ်ခုအား ပြသနေသော ဖုန်းတစ်လုံးပင်။
ထိုအထဲတွင် ကောင်လေးတစ်ယောက်အား အခြားလူနှစ်ယောက်က ဝိုင်းပြီးဆွဲထားကာ ရန်ပွဲတစ်ခုလိုပင်။ အရှေ့တည့်တည့်တွင် ထိုင်နေသော လူငယ်သည် ထိုပုံရိပ်တွေအား ကြည့်ကာ မျက်လုံးတွေသည် စူးရဲနေ၏။
အခြားလူနှစ်ယောက်သည် မျက်နှာတွင် ပြုံးယောင်သန်းနေကာ အခုအခြေအနေအား သဘောကျနေပုံပင်။
*ခင်ဗျားတို့က ဘာလို့ကျုပ်ကို ဒါတွေ လာပြနေတာလဲ*
လူငယ်ဆီမှ ထွက်လာသော အသံကြောင့် အခြားလူနှစ်ယောက်သည် အကြည့်ချင်းဆုံကာ ပြုံးလိုက်ကြ၏။ ထိုသူနှစ်ယောက်သည် လျဲ့လီ၏ ယောကျာ်းနှင့် ယောင်းမပင်ဖြစ်သည်။
*ဘာလို့ဆို ကျုပ်တို့က လားရာတူနေလို့ပေါ့ ယွမ်ဖုန်းရ*
ယွမ်ဖုန်း၏ မျက်ခုံးတွေသည် စုကြုံ့သွား၏။ ရှေ့ကလူနှစ်ယောက်အား သူ မမြင်ဖူးပေ။ ဒါပေမယ့် ဖုန်းထဲက လူတွေသည် ရိပေါ်နှင့် ဟိုဘဲရယ်၊ သူရယ်သာ ဖြစ်သည်။
*လားရာတူတယ်*
ယွမ်ဖုန်းက သံယောင်လိုက်သည်။ ဂျက်သည် ပြုံးနေတာ မျက်နှာပေါ် ပျားရည်တွေမှောက်ကျထားသည့်အတိုင်းပင်။
*ဟုတ်တယ် ဘရို။ အရင်ဆုံး ကျူပ်တို့ မိတ်ဆက်ပါ့မယ်။ ကျူပ်က ရှောင်းကျန့် အစ်မယောကျာ်း။ ဒါက ကျွန်တော့်ညီမ။ ကျုပ်နာမည်က ဂျက်..! ကျုပ် ညီမနာမည် မေဘယ်လ်*
ယွမ်ဖုန်း မျက်ခုံးတန်းတွေ စုကြုံ့ကာ ရှေ့ကသူနှစ်ယောက်ကို ကြည့်လိုက်သည်။ ဂျက်ဆိုသူသည် အသားနီစပ်စပ်နှင့် စိတ်ဓာတ်မကောင်းသည့် ရုပ်ရည်ကို မြင်သာစေ၏။ ပြီးတော့ မေဘယ်လ်ဆိုသည့် မိန်းကလေး။
ရုပ်လေးရှိသည်။ ဆံပင်ရှည်တွေကို ပိုင်ဆိုင်ထားကာ မျက်နှာသည် ထက်မြက်သည့် မိန်းကလေးမှန်း သိသာစေသည်။ ထိုလူနှစ်ယောက်ကို ကြည့်ရုံဖြင့် ဘာဆိုတာ သူ နားလည်လိုက်သလိုပင်။