အိမ်ရောက်လာသည်အထိ ရိပေါ်သည် ရင်တထိတ်ထိတ်။ ဦးသည် ဘာမှမဖြစ်သလိုပင် ရိပေါ်ကို ကြည့်ကာ လိုအပ်တာတွေ ဘာရှိသေးလဲ မေး၏။ ရိပေါ်ကသာ ကြောက်နေပြီး ငြိမ်ကုပ်သွားရတာ။
*ဘာဝင်စားချင်သေးလဲ*
*တော်ပြီ ဦး..! ဘာမှမစားချင်တော့ပါဘူး*
ရိပေါ် ငြင်းလိုက်တော့ တစ်ချက်သာ လှည့်ကြည့်လာပြီး
*ဒါဆို ကိုယ်တို့ပြန်ကြတာပေါ့*
*ဟုတ်ကဲ့*
အိတ်တွေ ရိပေါ်ဆွဲမည်ဆိုတာကိုလဲ အဆွဲမခံပဲ သူပဲ ယူလာ၏။ ကားပေါ်ရောက်တော့လဲ အသံတိတ်နေကာ စောနက အကိုယွင်နဲ့ ပတ်သတ်တာတွေလဲ စကားတစ်ခွန်းတောင် ဟမလာပေ။
ဦးနဲ့မသက်ဆိုင်လို့များ မပြောတာလားဟု တွေးလိုက်တော့လဲ နေရခက်သွားသည်က ရိပေါ်ပင်။ အသက်ငယ်ငယ်လေးနဲ့ ရည်းစားထားနေသည့် ရိပေါ်ကို ဆူငေါက်တာထက် အခုလို ငြိမ်နေတာကြီးက ပိုဆိုးသည်။
*ဟိုကောင်လေးက ရည်းစားလား ရိပေါ်*
ကားဘက်ခ်မှန်ကနေ အနောက်ကို ကြည့်ကာ ကားကိုချိုးကွေ့ရင်း မေးလာသည့် ဦးကြောင့် ရိပေါ် ယောင်ယောင်လေး ခေါင်းညိမ့်လိုက်၏။
*ဟုတ်ပါတယ် ဦး..ကျွန်တော်တို့ တွဲနေတာပါ*
*အင်း..ရိပေါ်ကို ကလေးလို့ပဲ ကိုယ်က ထင်ထားတော့ စိတ်ထဲတော့ တစ်မျိုးကြီးပဲ*
ဦး၏စကားကြောင့် ရိပေါ် ဘာပြန်ပြောရမှန်း မသိပေ။ လက်အချင်းချင်း ဆုပ်ကိုင်ကာ ခေါင်းကိုသာ ငုံ့ထားလိုက်သည်။
အိမ်ဆင်ဝင်အောက်ကို ကားရပ်လိုက်သည်နှင့် ရိပေါ် ခြေလှမ်းတွေသည် တုံ့နှေးသွား၏။ အိမ်ထဲဝင်ရမှာ ရိပေါ်ကြောက်နေသည်။ ဦးကများ တိုင်လိုက်လျှင် ရိပေါ် အရိုက်ခံရနိုင်သလို၊အဆူလဲ ခံရနိုင်၏။
*ပစ္စည်းတွေ စုံသလား ကြည့်အုံး မား*
*အေးအေး ပေးသား..မားကြည့်လိုက်မယ်*
ဦးသည် လက်ထဲက ပစ္စည်းတွေအား မားဆီသို့ လွှဲပြောင်းပေးလိုက်ပြီး အပေါ်ထပ် တက်သွားသည်။ ရိပေါ် တရွေ့ရွေ့ဖြင့် မားအနား ကပ်လာကာ မားဘေးတွင် ဝင်ထိုင်လိုက်၏။