Warning ⚠️ [ ဒီအပုဒ်ေလးမှာ ပန်းအိုးကျကွဲတာလောက်နဲ့ ပုံဖော်ထားလို့ ဒီတစ်ခါ ကွက်ကွက်ကွင်းကွင်းရေးပေးလိုက်ပါတယ်ဗျ။ ပုံမှန် နူးနူးညံ့ညံ့လေးပဲသဘောကျဆိုရင်တော့ ဆက်မဖတ်ပါနဲ့ခင်ဗျာ]
စာရွက်လှန်သံ တဖျက်ဖျက်က အခန်း၏ တိတ်ဆိတ်နေမှုကို ဖျက်ဆီးလိုက်၏။ မျက်ခုံးတန်းတွေ တွန့်ချိုးပြီး အလိုမကျဖြစ်နေသော ပုံစံက ကြည့်ရမဆိုးသွားစေပဲ ပို၍ပင် ခန့်ညားသည့်အသွင် ဆောင်နေလေ၏။ အကြောတွေဖြာနေသော လက်ချောင်းသွယ်သွယ်တွေက စာရွက်တစ်ရွက်ချင်းဆီကို ပြန်ကိုင်လိုက်၊ ပြန်ချလိုက်နှင့်။
ရွှေဘင်ကိုင်း မျက်မှန်ကိုပင့်တင်လိုက်သည်ကအစ ပြီးပြည့်စုံနေမှုမျိုးပင်။
*ဦးဖို့..သံပုရာရည်ဖျော်လာတယ်*
ရိပေါ် သံပုရာရည်ခွက်လေးအား ဦးဘေးနားချပေးလိုက်ကာ သူကိုယ်တိုင်ပါ ဝင်ထိုင်လိုက်၏။ ဦးသည် မျက်မှန်ကိုချွတ်ကာ စားပွဲပေါ်တင်လိုက်ပြီး ရိပေါ်ဘက် လှည့်ကြည့်လာ၏။
*ကျေးဇူး ချာတိတ်..ကိုယ်လဲ ခေါင်းနောက်နေတာနဲ့ သံပုရာရည်လေး သောက်ချင်နေတာ*
ပြောပြောဆိုဆိုဖြင့်ပင် ရိပေါ်ဖျော်လာသော သံပုရာရည်အား တစ်ချိုက်ထဲ မော့ချလိုက်၏။ ဦးကိုကြည့်ရတာ တကယ်ကို ပင်ပန်းနေဟန်ပင်။ ညစာလဲ ခပ်သွက်သွက်စားပြီး အပေါ်ကို ပြန်တက်ကာ အလုပ်လုပ်နေတာပင်။
အရင်ကဆို ထမင်းစားပြီးတာနဲ့ အောက်ထပ်မှာ စကားတွေအများကြီး ဝင်မပြောပေမယ့် မိသားစုတွေဝိုင်းထိုင်တာကို အဖော်လုပ်ပေး၏။ ဒီညတော့ သူ့ခမျာ အဖော်ပင်လုပ်မပေးနိုင်ချေ။
*အရမ်းပင်ပန်းနေလို့လား ဦး*
*အင်း...အရမ်းတော့မဟုတ်ပါဘူး နည်းနည်း*
*ကျွန်တော် ဘာကူညီပေးရမလားဟင် ဦး*
ဦးက ခပ်ဟဟရယ်ကာ ရိပေါ်၏ ဆံပင်အုပ်အုပ်လေးတွေကို ဆွဲဖွလိုက်သည်။
*မကူညီပါနဲ့ကွာ.! သွား ညအိပ်သွားလဲတော့လေ။ အချိန်လဲကြည့်အုံး (၁၀)နာရီထိုးပြီးပြီ*
*ဟုတ်*
ရိပေါ် ထိုင်ရာကနေထလိုက်ပြီး ညဝတ်လဲလိုက်၏။ အိမ်နေရင်းပုံစံအတိုင်း ကော်လံပါEssentialရှပ်အဖြူနှင့် ပေါ့ပေါ့ပါးပါး ဘောင်းဘီရှည် တစ်ထည်သာ ဝတ်ထားသော ဦးအဖို့ပါ ရိပေါ် ညဝတ်ထုတ်ပေးထားလိုက်သည်။