*မင်းမိဘတွေက မင်းပြောရင် ရမှာပါ အချစ်ရာ လုပ်စမ်းပါ*
*မောင်လေးက ရပါ့မလား..မောင်လေးက ပြောရခက်တယ် ကိုရဲ့*
*ကိုတို့မိသားစုက တစ်ကယ်အခက်အခဲဖြစ်နေလို့ပါကွာ။ ညီမလေးကိုလဲ ဒီမှာ ခနပဲ နေခိုင်းမှာပါကွ။ သင်တန်းတက်ရုံလေးပဲကို*
လျဲ့လီ၏ မျက်နှာသည် သူ့အမျိုးသားမျက်နှာ ညှိုးသွားသည်နှင့် သူမပါ မရွှင်မလန်းဖြစ်သွား၏။ နှုတ်ခမ်းကို ရွှတ်ခနဲမြည်အောင် နမ်းလိုက်သည့် ဂျက်ကြောင့် လျဲ့လီမှာ ချက်ချင်း ပြုံးရွှင်သွားပြီး ခေါင်းညိမ့်လျက်သား။
*အိုခေလေ..ဒီကကောင်မလေးကိုသာ ယုံလိုက်တော့*
*ကို့မိန်းမလေးကို ကိုယ်က အဲ့တာမို့ ချစ်နေရတာကွ*
*တော်ပါ.!*
လျဲ့လီ၏ ခန္ဓာကိုယ်လေးသည် ဂျက်၏ ရင်ခွင်ထဲ ရောက်သွား၏။ ဂျက်၏ မျက်နှာသည် ယုတ်မာသည့် အပြုံးနှင့် ပြည့်နှက်နေ၏။ သူတို့မိသားစုမှာ ထည်ကြီးပျက်ဖြစ်ကာ ဟန်သာရှိပြီး အဆံမရှိတော့ပေ။ လူမသိသာအောင်သာ မူမပျက်နေရပေမယ့် သူတို့မှာ ပိုင်ဆိုင်မှုဆိုလို့ အခုနေနေသည့် အိမ်ပင်မပိုင်တော့ချေ။ အငှားနေနေရသည့် အိမ်ကြီးမို့ သူတို့မှာ လစာကိုလဲ မှန်အောင်ပေးရသေးသည်။ လျဲ့လီဆီက ငွေတွေဖြင့်။
ထို့ကြောင့် ညီမလေးကို ဒီအိမ်ပို့လိုက်ခြင်း ဖြစ်သည်။ညီမလေးသာ ရှောင်းကျန့်ကို ရအောင်လုပ်နိုင်လျှင် သူတို့အေးဆေးသွားပြီ။ ဒီအိမ်ကြီးက ရှောင်းကျန့်အမိန့်ကိုသာ နာခံရမည်မလား။ အကြီးဆုံးအမကတောင် ရှောင်းကျန့်၏ စကားကို လွန်ဆန်နိုင်တာ မဟုတ်ပေ။
နောက်ဆုံးအိမ်ခွဲမည်ဆိုပြီး လျဲ့လီကို ပြောခိုင်းလိုက်တာတောင် ဇွတ်အတင်းငြင်းပြီး ဒီမှာပဲနေခိုင်းနေ၍ ဂျက်မှာ ရှောင်းကျန့်အပေါ် မကြည်မလင်ဖြစ်နေရသည်။
ရင်ခွင်ထဲမှ လျဲ့လီ၏ ဆံသားနုနုလေးအား သူ ငုံ့နမ်းကာ
*အချစ်က ရှောင်းကျန့်အမျိုးသားကို ချစ်လား*
*ချစ်တာပေါ့ ကိုရဲ့.! ရိပေါ်လေးက ငယ်ငယ်ကထဲက သိတတ်တယ်လေ။ လိမ်လဲလိမ်မာတယ်*