ငြိမ်သပ်နေသော အိမ်လေးအတွင်းမှ လူသုံးယောက်သည် မျက်နှာချင်းဆိုင်ကာ ထိုင်နေကြ၏။ ထိုအိမ်ထဲတွင် ထိုလူသုံးယောက်မှအပ အခြားသူတွေ မရှိပေ။
*ပြောစရာရှိတာ ပြောလေ မောင်လေးရဲ့*
ဝမ်မား၏ စကားသံအဆုံး မော့ကြည့်လာသည့် ရှောင်းကျန့်သည် နှုတ်ခမ်းတွင်လဲ အားနာအပြုံးတစ်ခု ချိတ်ဆွဲထားသည်။ ဝမ်ပါးကတော့ ရှောင်းကျန့်၏ အရင်နဲ့မတူသော ပုံစံကိုသာ အကဲခတ်လျက်ပင်။
*ငါ ဒီစကားပြောရင် နင်တို့ စိတ်ဆိုးနိုင်တယ်၊ နောက်ဆုံး အဆုံးအစွန်ထိ မခေါ်မပြောတွေ ဖြစ်သွားနိုင်တယ်။ ငါလဲ အစက မပြောတော့ဘူး..ချာတိတ်ကို အရင်ဆုံးပြောမယ်လို့ ဆုံးဖြတ်ထားခဲ့တာ။ ဒါပေမယ့် မတတ်သာလို့*
*ပြောမှာသာ ပြောစမ်းပါ ရှောင်းကျန့်ရယ်။ နင်လုပ်မှ ငါရင်တွေတောင် တုန်လာပြီ*
ဝမ်မားကတော့ တစ်ကယ်သိချင်နေပုံပင်။ ရှောင်းကျန့်မျက်နှာသည် လေးနက်နေကာ အခုပြောမည့်စကားပေါ်တွင် သူ စိတ်နှစ်ထားမှန်း သိသာစေ၏။
*ငါ ဝမ်ရိပေါ်ကို လက်ထပ်ပါရစေ*
*ဘာကြီ..နင် အခု ဘာပြောလိုက်တာလဲ။ ငါ နားကြားများ လွဲနေသလား*
*မင်းမောင်က ငါတို့သားကို တောင်းနေတာဟေ့။ ဘာနားကြားမှ မလွဲဘူး*
ဝမ်ပါးစကားကြောင့် နှုတ်ခမ်းတွေ ဟသွားကာ မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်သွားရသူက ဝမ်မားပင် ဖြစ်သည်။
*နင်တို့ စိတ်ထဲ ငါ့ကို အမြင်မကြည်ဘူးဆိုရင်တောင် ငါပြောတာကို အလေးအနက် စဉ်းစားပေးဖို့ ငါ့ဘက်က တောင်းပန်ပါတယ်*
*ငါ့ကို အဲ့တာမို့ ဒီနေ့အလုပ်မသွားခိုင်းတာပေါ့*
ဝမ်ပါးက ပုံမှန်အတိုင်းသာ တည်ကြည်နေသော ရှောင်းကျန့်ဆီ ကြည့်ကာ မေးလိုက်သည်။ ခေါင်းညိမ့်လာသော ရှောင်းကျန့်က ဟုတ်ပါသည်ဟု ဝန်ခံလိုက်သလို။ ဝမ်မားသည် ဘာမှပင် မပြောနိုင်လောက်အောင် ဆွံ့အနေမိ၏။
*မားတို့ကရော သိပြီးပြီလား။ သဘောတူမယ်ထင်လား ရှောင်းကျန့်။ မင်း ငါ့သားကိုတောင်းတာ ငါတို့အတွတ်က ပြဿနာမရှိဘူး။ ငါက အဲ့လောက်ထိလဲ အတွေးအမြင် သိမ်နုပ်တဲ့ကောင်မဟုတ်ဘူး။ ဒါပေမယ့်..ဒါပေမယ့် ငါ့သားက မင်းတို့အသိုင်းအဝိုင်းထဲရောက်ပြီး နှိမ်ခံရရင် ငါလဲ သည်းခံနိုင်မှာမဟုတ်ဘူး။ နှစ်ဖက်လုံး မျက်နှာပျက်စရာတွေ ဖြစ်ကုန်လိမ့်မယ်*