Chapter (5) _ လွတ်မြောက်ခြင်း_ ၁
မင်းကြီး၏ ဒုတိယခြေလှမ်းကနောက်တလ အကြာမှာ စတင်ပြန်သည်။ ဖွားဖက်တော်လေးများကို တိုင်းတပါးမှ ဆက်သလာသည့် ရတနာစီခြယ်ထားသည့်ကျေးရုပ်လေးများကို လက်ဆောင်အဖြစ် ပေးအပ်လိုက်သည်။ အနောက်တိုင်းဖြစ် လှပပြီး တန်ဖိုးကြီးသည့်ကျေးရုပ်ကို မင်းကြီးပေးသနားကြောင်း ညီလာခံတွင်ကြေငြာတော့ မင်းမှူးမတ်အားလုံး ဖွားဖက်တော်ကလေးရှိသည့် အမတ်များကို အားကျစွာ စိုက်ကြည့်နေကြသည်။
အကြီးတော် အမတ်ကြီးနှင့်အခြားတတိယအဆင့် အမတ်ကြီးက မင်းကြီးကို ကျေးဇူးတင်စကားပြောကာ ရတနာကျေးရုပ်ကို လက်ခံပြီးအိမ်တော်ကို ယူဆောင်လာသည်။
အမတ်ကြီး စစ်ထူချုံးမင်သည် မင်းတရားကြီးချီးမြှင့်သည့်ရတနာကျေးရုပ်ကို တန်ဖိုးထားမြတ်နိုးလှသောကြောင့် မိမိ၏ သားတော်လေးကိုပင် ချက်ချင်းမပေးအပ်သေးပဲသေချာသိမ်းဆည်းထားလိုက်သည်။ အမတ်ကတော် စုန့်ချင်းလင်ကို ထိုအကြောင်းပြောပြတော့ စုန့်ချင်းလင်သည် မင်းသားလေး၏ ဖွားဖက်တော် အဖြစ်မွေးဖွားလာသည့် သားတော်လေးကို ချစ်မြတ်နိုးစွာဖြင့် ပွေ့ဖက်ကာနမ်းရှုံ့လိုက်တော့သည်။
ထိုအချိန်တွင် မင်းနေပြည်တော်၏ အမတ်ကြီးအိမ်တော် တစ်ခုရှိ မင်းသားလေး ချင်းရှီဟွမ်နှင့် ဖွားဖက်တော်ဖြစ်သည့် တတိယအမတ်ကြီး၏သားငယ်လေးက မင်းတရားကြီးချီးမြှင့်သည့် ကျေးရုပ်လေးကို လက်တွင် ကိုင်ကာ ဆော့ကစားလျက်ရှိသည်။ အမတ်ကြီး၏ အခြားသောကိုယ်လုပ်တော်များက မင်းတရားကြီး၏ ရတနာကျေးရုပ်ကို ကိုင်တွယ်ဆော့ကစားခွင့်ရသည့်ဖွားဖက်တော်လေးကို မနာလိုစွာဖြင့် ဝိုင်းကြည့်နေကြသည်။ မိမိတို့သားသမီးများသာ မင်းသားလေး နှင့်တချိန်တည်း မွေးဖွားခဲ့လျှင် ဒီအခွင့်ရေးကို မိမိတို့ သားသမီးများလည်း ရမှာသေချာသည်ဟု တွေးကာစိတ်မချမ်းမသာဖြစ်နေကြသည်။
နောက်တနေ့ မနက်စောစော အမတ်ကြီး စစ်ထူချုံးမင်၏ အိမ်တော်သို့ ရဲမတ်တစ်ဦးရောက်လာပြီး တတိယအမတ်ကြီး၏ သားငယ် ရုတ်တရက် ဆုံးပါးသွားပြီဖြစ်ကြောင်းလျှောက်တင်လေသောအခါ စစ်ထူချုံးမင်နှင့် စုန့်ချင်းလင်တို့ လင်မယားနှစ်ဦးက အံ့အားသင့်ကာ ဆွံ့အသွားတော့သည်။ လင်မယားနှစ်ယောက် တိုက်ဆိုင်လှသည့် အကြောင်းတရားကြောင့် တယောက်မျက်နှာကို တယောက် စိုးရိမ်တကြီးကြည့်လိုက်မိသည်။
ပထမအကြိမ် မင်းတရားကြီးချီးမြှင့်သည့်ပွဲတော်စာကို စားပြီးနောက် မကြာခင် ဖွားဖက်တော် ကလေးငယ်တစ်ဦး ဆုံးပါးသွားသည်။ နောက်သုံးလအကြာ မင်းတရားချီးမြှင့်သည့် ရတနာရွှေကျေးကို လက်ခံရရှိပြီး နောက်တညတွင် ဖွားဖက်တော်နောက်တစ်ဦး ဆုံးပါးသွားပြန်သည်။ တိုက်ဆိုင်မှုက နှစ်ကြိမ်တိတိဖြစ်နိုင်ပါမည်လား။
မကြာခင် မင်းတရားကြီး၏ဆင့်ခေါ်မှုကြောင့် ရင်တထိတ်ထိတ်နှင့် မင်းကြီးဆွေ နန်းတော်ထဲကို အခစားဝင်ခဲ့သည်။ မင်းတရားကြီး၏ရှေ့တော်မှောက်တွင် နတ်ဆရာတို့ ဝပ်တွားခစားလျက်ရှိသည်ကို တွေ့လိုက်ရသည်။မင်းတရားကြီးက အတိုင်ပင်အမတ်ကြီး စစ်ထူချုံးမင်ကို တွေ့သော် မိန့်ကြားခဲ့သည်။
"အမတ်ကြီး....သားတော်လေးရဲ့ဖွားဖက်တော် ကလေးတစ်ဦး မနေ့ညက ရုတ်တရက် ဆုံးပါးသွားတယ်လို့ ကိုယ်တော်ကို သတင်းပို့တယ်။ဒါကြောင့် ကိုယ်တော် နတ်ဆရာနဲ့ ပုရောဟိတ်တွေကို တွက်ချက်ခိုင်း ကြည့်တော့......."
မင်းတရားကြီး၏ စကားကိုကြားသော် စစ်ထူခံျုးမင်က ဇဝေဇဝါဖြစ်သွားတော့သည်။ မိမိပဲ အတွေးလွန်နေမိ တာလားဟု တွေးမိသော်လည်း နန်းတွင်းထဲတွင်ကြီးပြင်းလာသူပီပီ အန္တာရာယ် အရိပ်အငွေ့ကို ရနေပြီ ဖြစ်သည်။ သို့သော် စစ်ထူချုံးမင်သည် အတွေ့ကြုံရင့်သည့်အမတ်ကြီးပီပီ မင်းတရားကြီးပြောသည့် အကြောင်းရာနှင့် ဆန့်ကျင်ခြင်းမရှိပဲ အလိုက်သင့်မျှောလိုက်ကာ နတ်ဆရာများကို မေးလိုက်သည်။
"အခု တွက်ချက်မှုမှာ ဘယ်လိုများထွက်ရှိပါသလဲ နတ်ဆရာကြီးတို့........"
"မင်းသားလေးရဲ့ ကိုယ်ပေါ်ကျရောက်နေတဲ့မကောင်းတဲ့ကံကို ဖွားဖက်တော်များက တံတိုင်းပမာ ခံဆောင်ပေးသွားကြောင်းပါ အရှင်အမတ်ကြီး"
"ဒီကံဆိုးမှုကို ဘယ်လိုမှတားဆီးလို့ရမလဲ..."
"ကျွန်တော်မျိုးတို့လည်း နည်းလမ်းရှာလျက်ရှိကြောင်းပါ.. ဒါပေမယ့် သားတော်လေး မွေးဖွားကတည်းက ဒီကံကြမ္မာကို ချေဖျက်မယ့်နည်းလမ်းရှာမတွေ့သေးပါဘူး..."
မင်းတရားကြီးက အကြီးတော်အမတ်ကြီးကို အကြံဉာဏ်တောင်းလိုက်သည်။
အမတ်ကြီးသည် မင်းတရားကြီး၏အမေးကြောင့်ဦးနှောက်ချောက်သွားတော့သည်။ သားတော်လေး မွေးစဉ်က အတိတ်တဘောင်ကို မိဖုရားခေါင်ကြီးက မင်ကျွိနတ်မင်းကြီးနတ်ကွန်းကို သွားရောက် ပူဇော်ပသပြီးနောက် ကျိန်စာပြေသွားပြီဟု မိမိ ကြားသိခဲ့သော်လည်း ယခု မင်းကြီးနှင့် နတ်ဆရာတို့ အပြောအရ ကျိန်စာမပြေသေးဘူးဆိုလျှင် တစ်ဖွဲ့ဖွဲ့က လိမ်ပြော နေတာ သေချာလေပြီ။
"ကျွန်တော်မျိုးတို့ တိုင်းတပါးမှ ပညာရှင်များကို ဖိတ်ကြားပြီး ဒီကျိန်စာကို ဖြေမည့်နည်းကိုရှာသင့်ကြောင်းပါ ဘုရား"
"ဘယ်တိုင်းပြည်က ပညာရှင်ကိုခေါ်မလဲ အမတ်ကြီး..."
"ဟိမဝန္တာတောင်ခြေမှာ တရားကျင့်ကြံနေတဲ့ ယောဂီကြီးတွေက ဒီလိုကျိန်စာကို ဖြေနိုင်တဲ့အစွမ်းရှိတယ်လို့ ကျွန်တော်မျိုး ကြားသိထားကြောင်းပါ ဘုရား..."
အမတ်ကြီး စစ်ထူချုံးမင်၏စကားကိုကြားသော် မင်းတရားကြီး၏ မျက်နှာ ကြည်ရွှင်လာပြီးနောက် မိန်ကြားမှုတစ်ခုကို ချက်ချင်းပြုတော့သည်။
"သားတော်လေးရဲ့ အရေးက လျှို့ဝှက်ချက်ဖြစ်သောကြောင့် ကိုယ်တော် အခြားအမတ်များ၊ စစ်သူကြီးများကို ယုံကြည်တော်မူခြင်းမရှိ။ ဒါကြောင့် အကြီးတော် အမတ်ကြီးက ဦးစီးပြီး အလျင်အမြန် ယောဂီကြီးများကိုတွေ့အောင်ရှာပြီး ပင့်ဆောင်ခဲ့စေ...."
အမတ်ကြီး စစ်ထူချုံးမင်က မင်းတရားကြီး၏အမိန့်ဖြစ်သောကြောင့်မည်သို့မှ မငြင်းဆန်နို်င်တော့ပဲ အမိန့်တော်ကို နာခံကာ အိမ်ကို ပြန်လာပြီး နောက်တနေ့နံနက် ခရီးထွက်နိုင်ရန် ပြင်ဆင်ရတော့သည်။
"မင်းကတော်ကြီးကို ကျူပ်မှာစရာတစ်ခု ရှိလေရဲ့...."
အိမ်တော်သို့ရောက်သော်နန်းတော်မှပြန်လာမည့် မိမိ၏ဇနီးသည် စုန့်ချင်းလင်ကို စောင့်ဆိုင်းပြီး နှစ်ကိုယ်တည်း ကျိတ်ကာမှာကြားတော့သည်။ စုန့်ချင်းလင်သည် အမတ်ကြီး၏စကားကိုကြားသောအခါ အံ့သြထိတ်လန့်လာခဲ့သည်။ သို့သော် အဆင့်တန်းမြင့်သည့် အမတ်ကြီး၏ သမီးပီပီ လင်တော်မောင် မှာကြားသည်ကိုကြားသည်နှင့် ထိုအရေးက မည်မျှ ပြင်းထန်ပြီး အရေးကြီးသည်ကိုသိရှိသွားသည်။
"စိတ်ဖြောင့်ဖြောင့်သွားတော်မူပါ အမတ်ကြီး...ကျွန်မ အားလုံး အဆင်ပြေအောင် ကြည့်ရှု့စီစဉ်ထားပါ့မယ်.."
အမတ်ကြီးစစ်ထူချုံးမင် က မိမိ ဇနီးသည် စုန့်ချင်းလင်ကို သေချာမှာကြားပြီးနောက် မင်းတရားကြီး၏အမိန့်တော်ဖြင့် ရှည်လျားသည့် ခရီးကိုစတင်ထွက်ခွာရတော့သည်။ စုန့်ချင်းလင်သည် သားတော်လေးကို ပွေ့ကာ စစ်သည်ဗိုလ်ပါများခြံရံလျက် အဝေးကို တရွေ့ရွေ့ထွက်ခွာသွားသည့် ခင်ပွန်းလင်ကို ကြည့်ကာ ရင်ထဲ ဆို့လာခဲ့သည်။
"အမတ်ကြီး....ကျွန်မတို့ သားအမိဆီကို ဘေးရန်ကင်းကင်းနဲ့ ပြန်လာခဲ့ပါ...."
စုန့်ချင်းလင်က သားတော်လေးကိုတင်းတင်းဖက်ကာ တီးတိုးရေရွတ်လိုက်တော့သည်။
စစ်ထူချုံးမင်နှင့် အဖွဲ့သည် အနောက်ဘက်စူးစူးကို ဦးတည်ကာ ခရီးရှည်ကြီးကို ဆက်လာခဲ့သည်။ ရင်ထဲမှာတော့ မင်းနေပြည်တော်မှာ ကျန်ရစ်ခဲ့သည် မိမိ ဇနီးသည် စုန့်ချင်းလင်နှင့် သားတော်လေး စစ်ထူချုံးမင်ကို သတိရနေသည်။ သားလေး စစ်ထူချုံးမင် မင်းကတော် အသက်ဘေးမှ ကင်းရဲ့လား၊ မိမိ ဇနီးသည်က မှာထားသည်ကို အောင်မြင်အောင် အကောင်ထည်ဖော်နိုင်ပါ့မလားဆိုသည့် ပူပန်မှုကို ရင်ဝယ်ပိုက်ကာ မင်းမိန့်ဖြင့် မိမိဇာတိနှင့် ဝေးကွာသည့် ဒေသကို ခရီးပြင်းနှင်လာခဲ့သည်။
အချိန်ကာလ သုံးလတိတိကြာပြီးနောက်ဘေးအသွယ်သွယ်ကို ကျော်လွှားပြီး ဟိမဝန္တာတောင်ခြေမှာ တရားကျင့်ကြံနေတဲ့ ယောဂီကြီးတွေရှိရာအရပ်ကို ဆိုက်ရောက်လာခဲ့သည်။ သို့သော် ခဲလေသမျှ သဲရေကျရလေတော့သည်။ ယောဂီကြီးများက ဈာန်ကသိုဏ်းဝင်စားကြည့်ပြီးနောက်အားလုံး ခေါင်းယမ်းကာ ငြင်းပယ်ကြသည်။
"မင်းသားလေးကို ကျိန်စာတိုက်သည့် မင်ကျွိနတ်မင်းကြီးက မင်းအဆက်ဆက်နှင့် တစ်တိုင်းပြည်လုံးကိုးကွယ်သည့် အရှိန်အဝါ အာနုဘော်ကြောင့် အင်မတန်ကို တန်ခိုးကြီးမားနေတယ်။ ဒီ နတ်မင်းကြီးရဲ့ကျိန်စာကို ဖြေနိုင်သူ မရှိနိုင်ဘူး။"
ယောဂီကြီးများ၏ စကားကြောင့် စစ်ထူချုံးမင်က ထိတ်လန့်သွားကာ အလျင်အမြန်မေးလိုက်သည်။
"ဒါဆိုရင် မင်းသားငယ်လေးရဲ့ ကျိန်စာက တကယ် အဲ့အတိုင်းဖြစ်တော့မှာလား..."
"မင်းသားလေးရဲ့ ကျိန်စာကို မင်ကျွိနတ်မင်းကြီး ဖြေလျော့ပေးထားပြီးလေပြီ။ မွေးကင်းစအချိန်ကကျိန်စာလောက် ပြင်းထန်ခြင်း မရှိတော့ပါဘူး။ အင်း..... အမတ်ကြီးရဲ့သားလေးက မင်းသားလေးရဲ့ကြွင်းကျန်ရစ်တဲ့ ကျိန်စာတစ်ခုဖြစ်နေပါပေါ့လား"
စစ်ထူချုံးမင်သည် ယောဂီကြီး၏စကားကြောင့် ကြက်သေသေသွားတော့သည်။ မိမိ၏ သားက ဘယ်လိုလုပ်ပြီး မင်းသားလေးရဲ့ ကျိန်စာတပိုင်းတစဖြစ်နေသလဲဆိုတာ နားမလည်နိုင်တော့သဖြင့် အလုံးစုံကို မြင်နိုင်စွမ်းရှိသည့် ယောဂီကြီးကိုတောင်းပန်ပြီး အကျိုးကြောင်းမေးကြည့်လိုက်တော့ မိမိကို မင်းတရားကြီး ဘာကြောင့် ဒီကိုလွှတ်လိုက်သည်ကို သေချာနားလည်တော့သည်။
"ကျွန်တော်မျိုးက မင်းတရားကြီးနှင့် ယခင် မင်းကြီးအပေါ် သစ္စာရှိရှိ အမှုတော် ထမ်းရွက်ခဲ့ပါလျက်....ဘာကြောင့် ကျွန်တော်မျိုးရဲ့သားတော်လေး အသက်ကို ချမ်းသာခွင့်မပေးနိုင်ရတာလဲ အရှင်မင်းကြီး။ကျွန်တော်မျိုးရဲ့ သစ္စာရှိမှုက မင်းတရားကြီးအတွက် နည်းနည်းမှ တန်ဖိုးမရှိဖြစ်နေရော့သလား။"
စစ်ထူချုံးမင်က အကြောင်းစုံကို ကြားသိရပြီးနောက် ညည်းတွားမြည်တမ်းမိသော်လည်း စိတ်ကို ငြိမ်အောင်ထားပြီးနောက် ရှေ့ဆက် မည်သို့လုပ်ရမည်ကိုကြိုတင်ကြံဆ တွေးတောနေတော့သည်။ ပြည်တော်ပြန်သည့် ခရီးသည် အမတ်ကြီး၏ စိတ်စောမှုကြောင့်သတ်မှတ်သည်ထက် စောပြီး မင်းနေပြည်တော်ကို ရောက်ရှိလာတော့သည်။
မင်းတရားကြီးသည် အမတ်ကြီးလျှောက်တင်သည့်စကားကိုကြားပြီးနောက် မှိုင်တွေကျသွားတော့သည်။ တကယ်ပဲ မိမိ သားတော်ကို ကယ်နိုင်သည့် နည်းမရှိတော့ပါလား။ဒါဆိုလျှင် စစ်ထူချုံးမင်၏ သားတော်လေးကို မိမိကြံစည်ထားသည့် အတိုင်း ရှင်းလင်းပစ်ရပေတော့မည်။
"အမတ်ကြီးလည်း ပင်ပန်းသွားပြီ။အိမ်တော်ကို ပြန်ပြီး အနားယူလိုက်ပါဦး။ ကိုယ်တော့်အတွက် ခရီးရှည်ကြီးကို အပင်ပန်းခံသွားပေးတဲ့အတွက် ် အမတ်ကြီးရဲ့ ကျေးဇူးကို ငါကိုယ်တော် မမေ့ပါဘူး။"
စစ်ထူချုံးမင်သည် မင်းကြီးကိုအရိုသေပေးကာ မိမိအိမ်တော်ကို ပြန်လာခဲ့သည်။
"ရှင်မ..."
"မောင်တော်.....မောင်တော် အမတ်ကြီး"
စုန့်ချင်းလင်ည် ချစ်ခင်ပွန်းလင်ကိုမြင်သည်နှင့် ပြေးဖက်ကာ မျက်ရည် တလှိမ့်လှိမ့်ကျလာတော့သည်။ မိမိခင်ပွန်းကို အသက်ရှင်လျက်ပြန်မြင်ရပါတော့မလားဟု စိုးရိမ်ကြောင့်ကြကြီးစွာစောင့်မျှော်နေရာမှ ဘေးမသီ ရန်မခ ပြန်လာသောကြောင့် စုန့်ချင်းလင်က အမတ်ကြီးကတော်ဆိုသည့် ဂုဏ်ကို မငဲ့ကွက်နိုင်ပဲ ငိုရှိုက်နေမိခြင်းဖြစ်သည်။
စစ်ထူချုံးမင်သည် မင်းကတော်၏ပရိဒေဝမီးကို သိသဖြင့် စိတ်တိုင်းကျ ငိုစေပြီးမှ ကျောကိုပုတ်ကာ တီးတိုးမေးလိုက်သည်။
"သားတော်လေးတွေ ဘယ်မှာလဲ..."
"အတွင်းဆောင်မှာ ရှိပါတယ် အမတ်ကြီး"
"ကျုပ် တစ်ချက် ကြည့်ပါရစေဦး....."
အမတ်ကြီးနှင့် အမတ်ကြီးကတော်ကသူတို့၏ အတွင်းဆောင်ကို ဝင်ရောက်သွားသဖြင့် ကျန်အိမ်တော်အမှုထမ်းအားလုံး အလိုက်တသိဖြင့်သင့်တော်ရာကို ထွက်ခွာသွားကြတော့သည်။
စစ်ထူချုံးမင်သည် ရုပ်ရည်တူလှသည့်ကလေးနှစ်ဦးကို ကြည့်ကာ မိမိ၏ ဇနီးသည်ကို ချီးကျူးဟန်ဖြင့်လှည့်ကြည့် လိုက်သည်။
"နောက်ကြောင်း ကင်းရှင်းပါရဲ့လား ရှင်မ..."
"အားလုံးကင်းရှင်းပါတယ် မောင်တော်... ဒီကလေးက မိဘမဲ့ကလေးတစ်ယောက်ပါ"
အမတ်ကြီးက ခေါင်းတညိမ့်ညိမ့်ဖြင့်ကလေးတစ်ဦးကို ပွေ့ချီကာ စေ့စေ့စပ်စပ်ကြည့်လိုက်သည်။
"ကနေ့ကစပြီး ဒီကလေးက ကျုပ်တို့ရဲ့သားတော်လေး စစ်ထူချုံးမင်ပဲ ....."
"ကျွန်မတို့ သားတော်လေးကိုဘယ်ကို ပို့ဆောင်မလို့လဲ အမတ်ကြီး..."
စုန့်ချင်းလင်က မျက်ရည်ဝဲကာမေးလိုက်သည်။ စစ်ထူချုံးမင်က မိမိ၏ဇနီးကို ကြင်နာစွာငုံ့ကြည့်ကာ တည်ကြည်စွာ ပြောလိုက်သည်။
"ဒီလိုအရေးမျိုးက ရှင်မ မသိတာ ပိုဘေးကင်းပါတယ်။ များများသိရင် ရှင်မအတွက် မကောင်းနိုင်ဘူး။ ကျုပ်ကို ယုံကြည်တယ်မဟုတ်လား ..."
"မောင်တော်ကို ကျွန်မ ယုံကြည်ပါတယ်..."
"ယုံကြည်ရင် ကနေ့ကစပြီး သားတော်လေးအကြောင်းကို လုံးလုံး မဟလေနဲ့။ ကျုပ်တို့ရဲ့သားတော်လေးအသက်ရှင်ဖို့ ကျုပ်အစွမ်းကုန် ကာကွယ်သွားမယ်လို့ ကတိပေးပါတယ်။"
စစ်ထူချုံးမင်သည် လက်ထဲမှ ကလေးကို ခုတင်ပေါ် ပြန်ချပြီး မင်းကတော်ကြီးကို ထွေးပွေ့ကာ နှစ်သိမ့်လိုက်သည်။ စုန့်ချင်းလင်သည်ရုပ်ရည်ဆင်လှသည့် ကလေးနှစ်ဦးကို ကြည့်ကာ သက်ပြင်းသာ ချလိုက်မိတော့သည်။
----------------*---------------------
YOU ARE READING
Historical FictionBoth zawgyi and Unicode font Historical fiction