(U/Z) Chapter (70)_ ချူပြည် စစ်အောင်နိုင်ခြင်း
ချင်းရှီဟွမ် မင်းကြီး သည် ရေတပ်တော်ကြီးကို ဦးဆောင်ကာ ချူပြည် စစ်ချီလာခဲ့သည်။ တထန်ပြည်မှ စစ်သူကြီးနှစ်ဦး ဦးစီးသည့် တပ်များနှင့် ချူပြည်ရေတပ်တို့ ထိပ်တိုက်တွေ့ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်နေစဉ် ကျင်းဘက်မှ ရေတပ် ထပ်မံရောက်လာသဖြင့် ချူစစ်တပ်တို့က နောက်ကို ဆုတ်ခွာပြီးမှ ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။ ဒါပေမယ့် ချုပြည်လက်အောက်ခံ အဓိက မြို့ကြီးဖြစ်သည့် ကွေ့လင်မြို့သို့ ထိုက်ကျုံးအရှင် ၏ကြည်းတပ်များလည်း တောင်စဉ်ခုနှစ်ခရိုင်ကို ကျော်ကာ ဆိုက်ရောက်တော့မည်ဆိုသည့် သတင်းရောက်လာသောအခါ စစ်ပွဲနတ်ဘုရား ထိုက်ကျုံးအရှင် ၏ ကြည်းတပ်များနှင့် ထိပ်တိုက် ရင်မဆိုင်ဝံ့သဖြင့် ချူပြည်စစ်တပ်များက ရေကြောင်းဖြင့် အတင်းဖောက်ထွက်ကာ တပ်ဆုတ်သွားခဲ့သည်။
ချင်းရှီဟွမ် မင်းကြီးက တထန်ပြည်အောက် ခိုလှုံလာသည့် ချူပြည်၏ဦးရီးတော် ကွေ့လင်မြို့စားကို ပြန်လည်သိမ်းပိုက်ရလိုက်သည့် ကွေ့လင်မြို့တွင် မြို့စောင့် အဖြစ် ထားရစ်ခဲ့ပြီး ရေတပ်ကို ဦးစီးကာ တပ်ဆုတ်သွားသည့် ချူစစ်တပ်များနောက် လိုက်လံတိုက်ခိုက်စဉ် ချုပြည်၏ မြို့တော် ပင်းယောင်သို့ရောက်ရန် နှစ်စခန်းအလိုတွင် ချူပြည်ဘုရင်သစ်ကိုယ်တိုင် စစ်တပ်ကို ဦးစီးကာ ထွက်တိုက်သည်။ ချူပြည်နှင့် ကျင်းတပ်များက ရေတပ်ရေတပ်ခြင်း၊ ကြည်းတပ် ကြည်းတပ်ခြင်း အပြင်းအထန် တိုက်ခိုက်ကြစဉ် ချူပြည်ဘက်မှ စိန်ပြောင်းအမြောက်များဖြင့် ပတ်ခတ်သဖြင့် ကျင်းဘက်မှ မြို့စားတစ်ဦးက လက်နက်ကျည်ထိကာ ကျဆုံးသွားခဲ့သည်။ထိုမြို့စားကျဆုံးလို့ ကျင်းတပ်များ နောက်ဆုတ်ချိန် ချင်းရှီဟွမ် မင်းကြီး၏တပ်များ ရောက်လာပြီး ချူစစ်တပ်များကို ပင်းယောင်မြို့တော် ထိရောက်အောင် တိုက်ထုတ်ကာ မြို့တော်ပင်းယောင် ကို အပြင်ဘက်မှ ကြည်းတပ်၊ ရေတပ်များဖြင့် ဝန်းရံထားခဲ့သည်။
ပင်းယောင်မြို့တော် ဘက်ကလည်း မြို့ကို အခိုင်မာပိတ်ကာ မြို့ရိုးပေါ်ကနေ အမြောက်များဖြင့် ခုခံသဖြင့် တိုက်ပွဲက ကြာရှည်ပြီး မြို့ကို သိမ်းမရဖြစ်နေသည်။ ပင်းယောင်မြို့တော် က ကျုံးမြောင်းက ကျယ်ကာ လက်နက်လည်း တောင့်တင်းလှသဖြင့် အခက်ကြုံနေစဉ် ထိုက်ကျုံးအရှင် က ပင်းယောင်မြို့တော် ပတ်လည်တွင် တပ်စခန်းကို အခိုင်မာချကာ ဝန်းရံထားသဖြင့် အချိန်ကြာလာလေ မြို့ထဲတွင် စားစရာချူပြည်ပါးလာပြီး ချူပြည်ဘုရင်က ထိတ်လန့်လာသည်။
CZYTASZ
HistoryczneBoth zawgyi and Unicode font Historical fiction